ဒဂုံတောင် ဖေဖော်ဝါရီ ၅
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၀) အခြေခံပညာမူလတန်းကျောင်း၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် (၁၀) နာရီက အမှတ် (၂၀) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ကြကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၂၀) အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြား၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်မှုတွင် ပါဝင်သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းသိရှိပြီး ကိုယ့်နိုင်ငံကို ချစ်ခင်သည့် မျိုးချစ်စိတ်ဓာတ်ရှိရန်လိုကြောင်းနှင့် မိမိတို့နိုင်ငံသမိုင်းကြောင်းရေးသားသည့် ဗဟုသုတရရှိစေသော စာအုပ်စာပေများ ဖတ်ရှုရန်လိုအပ်ကြောင်းများ စသဖြင့် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာ သက်ဝေမောင်က မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးအကြောင်းအရာများ၊ မျိုးချစ်စိတ်ဓာတ်ဖြစ်ပေါ်စေရန် ငယ်ရွယ်စဉ်မှစ၍ ဖတ်ရှုသင့်သည့်စာအုပ်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများအား မှတ်သားလွယ်စေမည့် ဥပမာပေးဖြစ်ရပ်မှန် သာဓကများဖြင့် အကျယ်တဝင့်ဆွေးနွေးဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောဆွေးနွေးမှုများမှ မှတ်သားမိသည်များ ပြန်လည်ဆွေးနွေးခြင်း အစီအစဉ်ဆောင်ရွက်ပြီး အကောင်းဆုံးဆွေးနွေးနိုင်သူ ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရဗလာစာအုပ်လက်ဆောင်ချီးမြှင့်ခြင်း၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုဖြစ်စေရန် ရွှေယုန်ရွှေကျားကဗျာအား ကျောင်းသား၊ ကျောင်းသူများသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ စုပေါင်းသီဆိုခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
သန်းသန်းအေး