ပုသိမ်ကြီး မြို့မဈေးကြီးတွင် မြို့နယ်မီးသတ်ဦးစီးဌာန ကွင်းဆင်းစစ်ဆေး

ပုသိမ်ကြီး ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်ရှိ ပုသိမ်ကြီးမြို့မဈေးကြီး နွေဦးရာသီ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မီးလန့်မှုမရှိစေရေး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့မအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အဆိုပါဈေး တာဝန်ခံများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က မြို့မဈေးကြီးရှိ ဈေးသူဈေးသားများ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ထို့နောက် ဆီမီး၊ ဂတ်(စ်)မီး လက်တွေ့မီးငြှိမ်းသတ်ပုံများအား တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားပြီးနောက် ဈေးသူဈေးသားများ၊ ဈေးဝယ်လာသူများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ကြသည်။ ဆက်လက်၍ မြို့မဈေးကြီးအတွင်း လှည့်လည်ကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကြည့်ရှုစစ်ဆေးကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းသန့်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့မအရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး ဦးဝင်းစိန်နှင့် အရန်တပ်ဖွဲ့ဝင်များ၊ မြို့မဈေးတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ညိုညိုစန်းနှင့်ဝန်ထမ်းများ၊ ဈေးသူဈေးသားများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)