ကျိုင်းတုံမြို့၌ ပိုးစာပင်စိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူခြင်းနည်းပညာဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပိုးစာပင်စိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူခြင်းနည်းပညာဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ကျိုင်းတုံပိုးစာခြံတွင် ကျင်းပသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးမျိုးဇော်နှင့် ရှမ်းပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းတို့က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမီမီစိုးက ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနည်းစနည်းများနှင့် ဒေသခံတောင်သူများရရှိနိုင်သည့် အကျိုးကျေးဇူးများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးမျိုးဇော်သည် ကျိုင်းတုံခရိုင်အတွင်းမှ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်‌‌ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂) ကုန်းမြင့်ဒေသလယ်ယာ မြေဖော်ထုတ်ရေးစီမံကိန်းရုံး (စက်မှုလယ်ယာဦးစီးဌာန)၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ဒေသအတွင်း  လုပ်ငန်းရှင်များ၊ လုပ်သားများ၊ တောင်သူများနှင့်‌ပေါင်းစပ်၍ စိုက်ပျိုး/မွေးမြူ‌ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ထို့‌နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးမျိုးဇော်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးညီလင်း၏ နွေစပါးရွှေရင်အေးမျိုးစေ့ထုတ်စိုက်ခင်းတွင် ယူရီးယားနှင့် သဘာဝမြေဩဇာ ‌ရောစပ်ကြဲပက်နေမှုအား ကြည့်ရှုအားပေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)