ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ၌ (၂၇) ကြိမ်မြောက် တပို့တွဲလပြည့်နေ့ ထမနဲစတုဒိသာများ လှူဒါန်း

မရမ်းကုန်း ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပို့တွဲလပြည့်နေ့ (သြဝါဒပါတိမောက်အခါတော်နေ့) တွင် (၂၇) ကြိမ်မြောက် ထမနဲ (နှမ်းမနဲ) ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စွယ်တော်မြတ်စေတီတော် ဂန္ဓကုဋိတိုက်အတွင်း သီတင်းသုံးတော်မူသော မုဒြာ (၉) ဆူတို့အား ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ခုနစ်ရက်သားသမီးများမှ အရုဏ်ဆွမ်း (ထမနဲဆွမ်း) နှင့် သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးအစရှိသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဘုရားဖူးလာရောက်ကြသော ပြည်သူများအား စတုဒိသာထမနဲ (နှမ်းမနဲ) ဘူးများ လှူဒါန်းခြင်း၊ အလှူရှင်များအား ထမနဲ (နှမ်းမနဲ) တစ်ဒယ်လှူဒါန်းမှုအတွက် ၃ ပိဿာ ပြန်လည်လက်ဆောင်ပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ဆက်လက်၍ စတုဒိသာထမနဲဘူးများကို ဘုရားဖူးလာပြည်သူများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဝေယံ (ပြန်/ဆက်)