ချောင်းသာ မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့ လူရည်ချွန်စခန်း(ချောင်းသာ)၌ မြန်မာတစ်နိုင်ငံလုံးမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်မောင်မယ် ၂၉၁ ဦးနှင့် ကြီးကြပ် ဆရာ၊ ဆရာမများက မေလ(၆)ရက်နေ့မှ မေလ(၁၀)ရက်နေ့အထိ ယာယီစခန်းချ၍ လူရည်ချွန် ဟောင်းကြီးများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း၊ ဒေသန္တရဗဟုသုတများလေ့လာခြင်း၊ ကမ်းခြေတွင်အပန်းဖြေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလူရည်ချွန်စခန်းတွင်ရောက်ရှိနေသည့် လူရည်ချွန်စခန်း(ချောင်းသာ)မှ တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွတ်မောင်မယ် များ၏ ရင်တွင်းစကားသံများကို ပြည်သူများသိရှိနိုင်ရန်အတွက် ဖော်ပြအပ်ပါသည်။
ဒေါက်တာသောင်းထိုက် ပါမောက္ခချုပ်(ပုသိမ်တက္ကသိုလ်)
ကျွန်တော်ကတော့ လက်ရှိပုသိမ်တက္ကသိုလ်ရဲ့ပါမောက္ခချုပ်ဖြစ်ပါတယ်။ အခုအဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်းရဲ့စခန်းမှူးဖြစ်ပါတယ်။ ဒီနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားကို အခမ်းအနားနှစ်ရပ်နဲ့ ကျင်းပသွားမှာဖြစ်ပြီး တစ်ခုက ၂၀၂၆ အညာသင်နှစ် လူရည်ချွန် စခန်း(ချောင်းသာ)ရဲ့ မုခ်ဦးဖွင့်ပွဲ အခမ်းအနားဖြစ်ပြီး၊ ဟိုတယ်အတွင်းခန်းမှာတော့ ဖွင့်ပွဲ အခမ်းအနားတစ်ခုလုပ်မှာဖြစ်ပါတယ်။ ချောင်းသာကအဆင့်မြင့်ပညာအဆင့်လူရည်ချွန်တွေနဲ့ ငွေဆောင်မှာရှိတဲ့ ဧကာဒသမတန်း လူရည်ချွန်တွေစုပေါင်းတွေ့ဆုံပြီး ပုသိမ်မြို့ရဲ့အထင်ကရ တစ်ခုဖြစ်တဲ့ ကန်သုံးဆင့်ပန်းခြံနဲ့ Royal Lake ကိုလေ့လာရေးခရီးသွားမှာဖြစ်ပါတယ်။ ညနေပိုင်းကိုချောင်းသာပြန်လာမယ် ညစာစားမယ် ဖျော်ဖြေရေးတွေလည်ကြည့်မယ်၊ ၉ ရက်နေ့ ကိုတော့ ရွှေသောင်ရန်မြို့မှာရှိတဲ့ အထင်ကရနေရာဖြစ်တဲ့ Sea and Lake Park ကို သွားရောက်လေ့လာမှာဘဲဖြစ်ပါတယ်။ မွန်းလွှဲပိုင်းမှာတော့ ချောင်းသာမြို့ရဲ့ဒေသန္တရဖြစ်တဲ့ ချောင်းသာ ဈေးတန်းမှာသွားရောက်ဝယ်ယူတာတွေလုပ်မယ်၊ ညနေ ၅ နာရီမှာတော့စခန်းသိမ်းမီးပုံပွဲလုပ်ပါ မယ်။ ၁၀ ရက်နေ့မနက်ပိုင်းမှာတော့ ချောင်းသာမြို့စခန်းကနေပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ ယနေ့ခေတ်လူငယ်တွေအားလုံးနဲ့ လက်ရှိလူရည်ချွန်တွေအားလုံး နောင်နှစ်မှာထပ်ကွမ်းတွေ ရအောင်ကြိုးစားကြပါလို့ ပြောကြားလိုပါ တယ်။
ဒေါက်တာခိုင်လယ်ဝင်း ဒုတိယပါမောက္ခချုပ်(ငြိမ်း)ပုသိမ်တက္ကသိုလ်
ကျွန်မကတော့ ၁၉၈၄ ခုနှစ် မကွေးဒီဂရီကောလိပ်က စတုတ္ထနှစ် လူရည်ချွန်အဖြစ်နဲ့ ရွေးချယ်ခံရ တာ ဖြစ်ပါတယ်။ အခုဒီစခန်းကိုလာရတာကတော့ ၁၉၆၄-၁၉၈၈ လူရည်ချွန်အသင်းအဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့လာရောက်ခြင်းဖြစ်ပါတယ်။ မျိုးဆက်သစ်လူရည်ချွန်မောင်မယ်များကို မှာကြားလိုတာကတော့ အသိပညာ အတတ်ပညာပင်ကိုယ်စွမ်းရည်အရည်အသွေးတွေနဲ့ ဘတ်စုံပြည့်ဝတဲ့ ပညာရေးကဏ္ဍကိုအကောင် အထည်ဖော်တဲ့အခါမှာ လူရည်ချွန်စွမ်းအားအရင်းအမြစ်တွေနဲ့ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူရည်ချွန်ကိုတစ်ကြိမ်ဘဲ ရဖူးသူဖြစ်စေ၊ ထပ်ကွမ်း လူရည်ချွန်များပင်ဖြစ်စေ အားလုံးဟာထာဝရလူရည်ချွန်အဖြစ်နဲ့ မိမိကိုယ်ကိုယ် အရည်အသွေး တွေထက်မြက်အောင် ထိန်းသိမ်းရင်းနဲ့ နိုင်ငံတော်ရဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကြရာအခန်းကဏ္ဍကနေပြီးတော့ ပါဝင်ဆောင်ရွက်ကြဖို့ပြောကြားလိုပါတယ်။
နန်းလောင်ဝ်ရှဲန် (နှစ်ထပ်ကွမ်းလူရည်ချွန်)၊ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ
ကျွန်မကတော့ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရဲ့ ဥပဒေပညာဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ နှစ်ထပ်ကွမ်းလူရည်ချွန် မနန်းလောင်ဝ်ရှန်ဘဲဖြစ်ပါ တယ်ရှင့်၊ ဒီကိုလာရတဲ့အတွေ့အကြုံကိုပြောရမယ်ဆိုရင်တော့ လာတဲ့လမ်းခရီးတလျှောက်မှာ တိုင်း၊ ပြည်နယ်အသီးသီးကလာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် အရမ်းကိုပီတိဖြစ်မိပါတယ်ရှင့် ပြီးတော့ ဒီကိုလာရတဲ့အချိန်မှာ အတွေ့အကြုံတွေအများကြီးရပြီး အကာအကွယ်တွေလည်း ရရှိတဲ့အတွက် သွားလာရလေ့လာရတဲ့အခါမှာ အရမ်းကိုလုံခြံမှုရှိတဲ့ အတွက် အရမ်းကိုပျော်မိပါတယ်ရှင့်၊ ညီငယ်ညီမငယ်တွေကိုပြောခြင်တာကတော့ လူရည်ချွန် တစ်ယောက်ဖြစ်အောင်ကြိုးစားကြပါလို့ ပြောခြင်ပါတယ်ရှင့်။
မောင်ရဲမင်းဟိန်း ဒုတိယနှစ်လူရည်ချွန်၊ မြစ်ကြီးနား
ကျွန်တော်ကတော့ Polytechnic university (မြစ်ကြီးနား)မှ ဒုတိယနှစ်လူရည်ချွန် မောင်ရဲမင်းဟိန်းဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်ခုလိုလူရည်ချွန်တစ်ယောက်ဖြစ်ဖို့အတွက် ရေးဖြေ၊ နှုတ်ဖြေ၊ အားကစားနဲ့ အထွေထွေဗဟုသုတပညာရပ်အသီးသီးကို လေ့လာဖြေဆိုခဲ့ရပါတယ်။ ညီငယ်ညီငယ်လေးတွေကိုအဓိကမှာကြားခြင်တာကတော့ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ဆိုရင် ကျောင်းစာတစ်ခုတည်းထူးချွတ်နေရုံနဲ့ မရဘဲနဲ့ဗလငါးတန်နဲ့ပြည့်စုံဖို့လည်းလိုအပ်ပါတယ်ခင်ဗျ။ ကျွန်တော့်အနေနဲ့လည်းအများကြီး ကြိုးစားခဲ့ရပါတယ်ခင်ဗျ။ အခုလိုမျိုးအလည်အပတ် လာရောက်ရတဲ့အတွက် ဒေသန္တရဗဟုသုတတွေအများကြီးရရှိပါတယ်ခင်ဗျ။ မိတ်ဆွေ အပေါင်းအသင်းတွေလည်းအများကြီးခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ်။ အခုလိုမျိုးအလည်အပတ် ပို့ဆောင်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲများနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ အကြီးအကဲများအားလုံးကိုလည်း ဒီနေရာကနေဘဲ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
မျိုးဝင်း(ပြန်/ဆက်)