Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ မြဝတီဘဏ်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ အင်းဝဘဏ်ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်၊ ဧရာဝတီဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ သမဝါယမဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ မြန်မာ့ရှေ့ဆောင်ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမင်းခိုင်၊ ယူအေဘီဘဏ်ဥက္ကဋ္ဌ ဦးနေအောင်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌ ဦးထူးထက်တေဇ၊ ထွန်းကော်မာရှယ်ဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ရွှေဘဏ်ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ သတ္တုဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးရုံးမူ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် CEO ဒေါက်တာ ဇေယျာညွန့်၊ မြန်မာနိုင်ငံသားများ ဘဏ်ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ ပထမ ပုဂ္ဂလိကဘဏ် CEO ဦးမြင့်ဇော်၊ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိန်းဝေ၊ မြန်မာ အရှေ့တိုင်းဘဏ်ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်သန်း၊ ကမ္ဘာ့ရတနာဘဏ် CEO ဦးကိုကိုအောင်၊ ကျေးလက် ဖွံ့ဖြိုးရေးဘဏ် CEO ဦးအေးကျော်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် CEO ဦးအောင်ကျော်ငြိမ်း၊ မြန်မာ မက်ထရိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းနိုင်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးမင်းထိန်၊ ဧရာဝတီ တောင်သူ လယ်သမား ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ ဂုဏ်ထူးဆောင်တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌ ဦးရဲမြင့်၊ မြန်မာ့ ခရီးသွားဘဏ်ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ရန်ကုန်မြို့တော်ဘဏ် CEO ဦးကျော်သန်းနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း တို့တက်ရောက် ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင်  မိမိတို့ ယခုလိုတွေ့ဆုံခြင်းမှာ အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ တိုင်းပြည်တစ်ခု၏ အဓိက မောင်းနှင်အားမှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်ပါက တိုင်းပြည်တိုးတက်မည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများထဲတွင် ဘဏ်လုပ်ငန်းသည် အရေးကြီးကြောင်း၊ နိုင်ငံတကာတွင်လည်း ဘဏ်များ၏အခန်း ကဏ္ဍအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့် နိုင်ငံများသည် စီးပွားရေး တိုးတက်ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း။

ယမန်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းပြည်စီးပွားရေး ပြန်လည်ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း၊ ကုန်ဈေးနှုန်း ကျဆင်းရန် တာဝန်ရှိသူအားလုံးက အသိတရားရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထုတ်ကုန်များ ပေါပေါများများ ထုတ်လုပ် နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ပေးရန် လိုအပ်ကြောင်း၊ အလုပ်အကိုင်ရှိပါက ဝင်ငွေရရှိနေမည်ဖြစ်ကြောင်း၊ အလုပ်ရှင် များ ဘက်ကကြည့်ပါက လုပ်ငန်းလည်ပတ်နေသည့်အတွက် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချနိုင်ပြီး ဝင်ငွေရရှိနေမည် ဖြစ်ကြောင်း၊ ယင်းအချက်များသည် အခြေခံကျကြောင်း၊ မိမိအနေဖြင့် လုပ်ငန်းများကို ပုံမှန်လည်ပတ်နေစေလိုကြောင်း၊ လုပ်ငန်းများ ပုံမှန်လည်ပတ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းအမိန့်များကိုလည်း လိုအပ် သည်များမှလွဲ၍ ပြောင်းလဲဆောင်ရွက်သွားမည်မဟုတ်ကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာတွင် COVID-19 စည်းကမ်းများနှင့်အညီ လုပ်ဆောင်ရန်နှင့် တာဝန်ယူရန်လိုအပ်ကြောင်းကို ပြောကြားခဲ့ကြောင်း။

ယခုတက်ရောက်လာကြသူများသည် ငွေကြေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို လုပ်ကိုင် နေကြသူများဖြစ်ကြောင်း၊ ယမန်နေ့က တွေ့ဆုံခဲ့ သည့် လုပ်ငန်းရှင်များသည် ဘဏ်လုပ်ငန်းရှင် များမှ စီးဆင်းလာသည့် ငွေဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြရသည့်အတွက် ဘဏ်လုပ်ငန်းရှင် များနှင့် တွေ့ဆုံရန်လိုအပ်သည်ဟု ယူဆသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ စီးပွားရေး၏ အဓိကမောင်းနှင်အားမှာ ဘဏ်များ ဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျနှင့် ထိထိရောက်ရောက် လည်ပတ်စေလိုကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းဘဏ်များကို အားပေးကြောင်း၊ တစ်နိုင်ငံလုံးတွင် ဘဏ်လုပ်ငန်းများရှိပါက အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဘဏ်တွင် အချိန်ကုန်ခံပြီး ဆောင်ရွက်နေရမည့်အစား လွယ်လွယ်ကူကူဖြင့် ဆောင်ရွက်၍ ရသည့်စနစ်ကို သွားစေချင်ကြောင်း၊ မိမိတို့နိုင်ငံ အတွင်းရှိ အီလက်ထရောနစ်ဖြင့် ဆောင်ရွက်သည့် ဘဏ်လုပ်ငန်းစနစ်ကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် အားပေး ကြောင်း၊ သို့သော် စနစ်တကျဖြင့် လည်ပတ်ရန် လိုအပ်ကြောင်း၊ ဘဏ်လုပ်ငန်းရှင်များ၏ ဆောင်ရွက်လိုသည့် အချက်များနှင့် လိုအပ်ချက်များ ကို သိလိုကြောင်း၊ ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန်များအား ဖျက်သိမ်း မည်ဟုကောလာဟလ သတင်းများထွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထုတ်ဝေပြီး သည့် ပိုက်ဆံများကိုဖျက်သိမ်းမည် မဟုတ်ဟု ပါရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်ပေးခဲ့ကြောင်း။

မိမိတို့အနေဖြင့် လက်ရှိနိုင်ငံတော်က ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ မူဝါဒများ လုံးဝမပြောင်းလဲကြောင်း၊ မိမိတို့သည် ခေတ္တခဏ တာဝန်ယူကြသူများသာ ဖြစ်ကြောင်း၊ ယနေ့ တွေ့ဆုံခြင်းတွင် တိုင်းပြည်၏ မောင်းနှင်အားတစ်ခုဖြစ်သည့် ဘဏ်လုပ်ငန်းရှင်များအနေဖြင့် မည်သို့ပါဝင်မည်၊ မိမိတို့ မည်သည့်ကိစ္စများကို ပံ့ပိုးဆောင်ရွက်ပေးရမည်ကို သိရှိလိုကြောင်း၊ တင်ပြချက်များနှင့် စပ်လျဉ်း၍ လတ်တလောဖြေရှင်းပေးရမည့် အချက်များကို လတ်တလောဖြေရှင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းကြောင်းမှန် ပေါ်ရောက်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေး၊ နာယက ဦးသိန်းထွန်း၊ ယူအေဘီဘဏ်ဥက္ကဋ္ဌ ဦးနေအောင်၊ ဧရာဝတီဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ရွှေဘဏ်ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မူဝါဒများ ပြုပြင်ပြောင်းလဲပေးရန် ကိစ္စ၊ ပြည်ပဘဏ်များကိစ္စနှင့် အမျိုးသားအကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင် ပေးရန်ကိစ္စ၊ အတိုးနှုန်းလျှော့ချရေးနှင့် စပ်လျဉ်း၍ အချိန်ယူစဉ်းစားပေးရန်ကိစ္စ၊ နယ်စပ် ကုန်သွယ်မှုတွင် ပြည်ပငွေသုံးစွဲခွင့် ရရှိရန်ကိစ္စ၊ Digital Payment ပြုပြင်ပြောင်းလဲသွားရန်ကိစ္စ၊ ဘဏ်များက ဆောင်ရွက်နေသည့် အသေးစားချေးငွေကိစ္စနှင့် အာမခံလုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်ကိစ္စ၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများတွင် ပေးဆောင်ရ သည့်အခွန်များ လျှော့ချပေးရန်ကိစ္စတို့ကို ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က COVID-19 သက်ရောက်မှုကြောင့် ထိခိုက်နစ်နာနေသည့် စီးပွားရေး လုပ်ငန်းများ သက်သာခွင့်ရအောင် ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည့် အခြေအနေတို့ကိုလည်းကောင်း၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်များအသင်းနှင့် ဘဏ်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ တို့ကိုလည်းကောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် နိုင်ငံတကာတွင် ဘဏ်အတိုးနှုန်းမှာ နည်းပါးကြောင်း၊ ငွေကြေးပုံမှန်လည်ပတ်‌မှု ကောင်းမွန်မှ တိုင်းပြည် စီးပွားရေး တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ငွေကြေးကို ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးအတွက် အသုံးပြုနေရန်လိုအပ်ကြောင်း၊ ငွေကြေး မူဝါဒမှာ အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ယိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်တည့်မတ်ရန်၊ ဘဏ်များအဆင်ပြေစေရန် အတွက် ဗဟိုဘဏ်က မည်သို့ကူညီရမည်၊ မည်သို့ဖြေလျှော့ပေးရမည်ကို လတ်တလောကာလ အတွင်း ဖြေရှင်းဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှုများတွင် နစ်နာမှုများ ရှိနေသည်ကို သိရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်နိုင်သည့် စားသောက်ကုန် များကို ပြည်ပနိုင်ငံမှ တင်သွင်းနေရကြောင်း၊ သွင်းကုန်များထိန်းနိုင်ရန်အတွက် ပြည်တွင်းမွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း၌ပင် ဖူလုံအောင် ထုတ်လုပ်နိုင်ရေး အားပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများရှိ မြန်မာစီးပွားရေး သံမှူးများ အနေဖြင့် ပြင်ပဈေးကွက် သတင်းများကို ရှာဖွေကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အရည် အသွေး မြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် လိုအပ်ပြီး ဘဏ်လုပ်ငန်းရှင်များအနေဖြင့် ယင်းကိစ္စများကို ကူညီပေးစေလိုကြောင်း၊ အတိုးနှုန်း လျှော့ချရေးနှင့်ပတ်သက်ပြီး အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ပြီး အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းငွေကြေး ခိုင်မာမှုရှိရန် အရေးကြီးကြောင်း၊ အခွန်နှင့်ပတ်သက်၍ ရှောင်၍မရကြောင်း၊ ပေးသင့်ပေးထိုက်သည့် အခွန်ကို ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ယင်းအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းဝယ်လိုအား တက်လာစေရေးအတွက် အလုပ်အကိုင်များ ဖော်ဆောင်ရေးနှင့် ငွေကြေး ကူညီရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အရေးပေါ် ကာလတွင် ယိုင်နေသည့် စီးပွားရေးကို ဘဏ်လုပ်ငန်းများ၏အားဖြင့် တည့်မတ်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)