Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၇)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက် ချစ်ခင်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများ ခင်ဗျား ယနေ့ မတ်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၄၇)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား သို့ သဝဏ်လွှာပေးပို့ခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဦးစွာပြောကြား လိုပါသည်။ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သူပြည်နယ်သားများ၊ မွန်တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။ မွန်ပြည်နယ်သည် ယခင် တနင်္သာရီတိုင်းအမှတ်(၁)အတွင်း ပါဝင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၀၊ ပုဒ်မခွဲ(ဂ) တွင် တနင်္သာရီတိုင်းအမှတ်(၁)ကို မွန်ပြည်နယ်ဟု ကမ္ပည်းတင် ရေးသားခဲ့သည့် မတ်လ (၁၉) ရက်နေ့ကို “မွန်ပြည်နယ်နေ့”အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် ကျင်းပခဲ့ရာ ယခုဆိုလျှင် (၄၇)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ မွန်တိုင်းရင်းသားတို့သည် အခြားညီနောင်ဖွား တိုင်းရင်းသားမျိုးနွယ်စုတို့နှင့်အတူ ပြည်ထောင်စုအတွင်း အေးအတူပူအမျှ နေထိုင်ခဲ့ကြပါသည်။ ထိုသို့နေထိုင်ခဲ့ကြရင်း နယ်ချဲ့ လက်အောက်ကို ကျရောက်သွားခဲ့ချိန်တွင် လည်း အခြားတိုင်းရင်းသားများနှင့်အတူ ဆုံးရှုံးထားသော လွတ်လပ်ရေးကို ပြန်လည်ရယူ ရာတွင်လည်းကောင်း၊ ရရှိပြီးသောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ရေးတို့တွင် လည်းကောင်း စုပေါင်းလက်တွဲ ပါဝင်ခဲ့ကြပြီး ဥမကွဲသိုက်မပျက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နေထိုင်လာခဲ့ကြပါသည်။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်လျက်ရှိသော အခြား တိုင်းရင်း သားမျိုးနွယ်စုများကဲ့သို့ပင် မွန်တိုင်းရင်းသားတို့သည် ရှည်လျားလှသောသမိုင်းစဉ်နှင့် အဆင့် မြင့်သော ယဉ်ကျေးမှုတို့ကို ပိုင်ဆိုင်သည့် လူမျိုးများဖြစ်ပါသည်။ ထိုကဲ့သို့ ကောင်းမြတ်သည့် သမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်း၍ တိုင်းရင်းသားများ အချင်းချင်း ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်ရေးသည် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် အလွန်ပင်အရေးကြီး လှပါသည်။ ။ မွန်ပြည်နယ်တွင် မွန်နှင့် ဗမာလူမျိုးများ အများဆုံးနေထိုင် ကြပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းနှင့် ပအိုဝ်း စသည့် တိုင်းရင်းသားများလည်း အတူတကွ ချစ်ကြည်အေးချမ်းစွာ နေထိုင် လျက်ရှိပါသည်။ မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတ၍ စိမ်းလန်းစိုပြည်သည့် သစ်တော၊ မြစ်ချောင်း၊ ပြန့်ပြူးသာယာသည့် ပင်လယ်ကမ်းခြေအလှတို့နှင့် ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးများအလိုက် အဖိုးမဖြတ်နိုင်သော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာယဉ်ကျေးမှုအစဉ်အလာကောင်းများ ထွန်းကားရာ ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။ ဤကဲ့သို့ ရရှိပြီးသော အခြေအနေကောင်းများကို ပိုမိုဖွံ့ဖြိုး တိုးတက်စေပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန် သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘ ပြည်သူများအားလုံးက စည်းလုံးချစ်ခင်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ သို့မှသာ မိမိတို့ ဦးတည်ရည်မှန်းထားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို အောင်မြင်ချောမောစွာ တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း ကြုံတွေ့ခဲ့ရသော နိုင်ငံရေးပဋိပက္ခများကို အခြေခံသည့် ရိုက်ခတ်မှုကြောင့် ခါးသီးသော အတွေ့အကြုံများကို ခံစားခဲ့ရပြီးဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကို အချင်းချင်း ကြား နိုင်ငံရေးအယူဝါဒမတူညီမှုများနှင့် သံသယများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်း မပြုနိုင် သည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ ညီရင်းအစ်ကိုမောင်နှမများကဲ့သို့သော တိုင်းရင်းသားများအကြား ဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် အစိုးရ အဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း အရင်းခံပြဿနာဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် ယနေ့ထိတိုင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှုမရှိသေးခြင်းဖြစ်ပါသည်။ ပဋိပက္ခများ ဆယ်စုနှစ်များစွာဖြစ်ပေါ်ခဲ့သည့်အတွက် မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့ရပါသည်။ ယနေ့အချိန်အခါကာလ တွင် ထိုခါးသီးသော အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားများအားလုံး အေးအတူပူအမျှ အတူတကွ ယှဉ်တွဲ နေထိုင်နိုင်ရန် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် လက်တွဲဖော်ဆောင်ရမည့် အချိန်အခါ ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေးအတွက် အခြေခံကောင်းများကို ကြိုးပမ်း တည်ဆောက်လျက်ရှိပါသည်။ ဤကဲ့သို့ကြိုးပမ်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ ပကတိ အခြေအနေများနှင့် ကိုက်ညီသည့်ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်ဖော်ဆောင်လျက် ရှိပါသည်။ အဆိုပါဦးတည်ချက်များတွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာ များကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးသည် တစ်ချက်အပါအဝင်ဖြစ်ပြီး နိုင်ငံတော်အစိုးရ သည် အထူး အလေးထား လုပ်ဆောင်လျက်ရှိပါသည်။ နိဂုံးချုပ်အနေဖြင့် မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်းနှင့် ကျန်တိုင်းရင်းသားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် ပြည်ထောင်စု တိုင်းရင်းသား သွေးချင်းများပီပီ ပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏ အကျိုးတို့ကို တက်ညီ လက်ညီ ဝိုင်းဝန်းသယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း (၄၇) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။