Skip to main content

(၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် မတ် ၂၇

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေးပြ စစ်ကြောင်းကြီးများအလိုက် စစ်ရေးပြကွင်းမုဒ်ဦးရှေ့တွင် စတင်စုရုံးရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ထို့နောက် ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းအတွင်းရှိ သတ်မှတ်နေရာ၌ နေရာယူကြပြီး ယန္တရားစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် သိန်းထွေး ဦးဆောင်၍ ခေတ်လွန်အမြောက်ယန္တရားတပ်ခွဲ၊ ခေတ်လွန်သံချပ်ကာ ယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးယန္တရားတပ်ခွဲ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ယန္တရားတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ယန္တရားတပ်ခွဲတို့က ချီတက်နေရာယူကြသည်။

ဆက်လက်ပြီး စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် စိုးမင်းဦး ဦးဆောင်၍ အလံတော် အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် မိုးဇော်ထွန်း ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)တပ်ခွဲ၊ ဗမာ့အမျိုးသားတပ်မတော် (BNA)တပ်ခွဲ၊ ဗမာ့မျိုးချစ်တပ်မတော်(PBF)တပ်ခွဲ၊ ဗမာ့တပ်မတော် (BA)တပ်ခွဲ၊ မီးတုတ်ကိုင် တပ်ခွဲ၊ ဘယ်ရီတပ်ခွဲ တို့ ပါဝင်သည့် အနော်ရထာစစ်ကြောင်း ။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ဂေါ်ရခါး တောဆောင်းတပ်ခွဲ၊ ပွိုင့် ၃၀၃ ရိုင်ဖယ်တပ်ခွဲ၊ ဘီအေ-၅၂ စတင်းတပ်ခွဲ၊ ဘီအေ-၆၃ တပ်ခွဲ၊ အမျိုးသမီး (ကြည်း၊ရေ၊လေ) (၁၉၅၇-၁၉၇၂)တပ်ခွဲ၊ တပ်မတော်(ရေ)(၁၉၅၇-၁၉၇၂)တပ်ခွဲ၊ တပ်မတော်(လေ)(၁၉၅၇-၁၉၇၂)တပ်ခွဲတို့ပါဝင်သည့် ကျန်စစ်သား စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ တပ်မတော် (ကြည်း)(၁၉၇၃-၁၉၈၈)တပ်ခွဲ၊ တပ်မတော်(ရေ) (၁၉၇၃-၁၉၈၈)တပ်ခွဲ၊ တပ်မတော်(လေ) (၁၉၇၃-၁၉၈၈)တပ်ခွဲ၊ တပ်မတော်(ကြည်း) (၁၉၈၉-၁၉၉၉) တပ်ခွဲ၊  တပ်မတော်(ရေ)(၁၉၈၉-၁၉၉၉) တပ်ခွဲ၊  တပ်မတော်(လေ) (၁၉၈၉-၁၉၉၉) တပ်ခွဲ၊  တပ်မတော်(ကြည်း)(၂၀၀၀-၂၀၁၄) တပ်ခွဲတို့ ပါဝင်သည့် ဘုရင့်နောင်စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊ တပ်မတော် (ရေ) (၂၀၀၀-၂၀၁၄)တပ်ခွဲ၊ တပ်မတော် (လေ) (၂၀၀၀-၂၀၁၄)တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၂၀၀၀-၂၀၁၄)တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) တပ်ခွဲ(၁)၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုတပ်ခွဲ တို့ ပါဝင်သည့် အောင်ဇေယျစစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်စိုး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ(၁)၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် စိုးတင့် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)အမျိုးသမီး(အရာရှိ)တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမျိုးသမီး(အခြားအဆင့်) တပ်ခွဲ၊ လေကြောင်းချီတပ်ခွဲ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ တို့ ပါဝင်သည့် ဗန္ဓုလစစ်ကြောင်း။

စစ်ကြောင်းမှူး ရဲမှူးချုပ် ဟန်ထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(အမျိုးသမီး)ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲ(၁)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ(၁)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ(၂)၊မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ(၃)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ(၄)တို့ ပါဝင်သည့် အောင်ဆန်းစစ်ကြောင်းတို့က စစ်တီးဝိုင်း အဖွဲ့များနှင့်အတူ စစ်ရေးပြကွင်းအတွင်းသို့ အစီအစဉ်အတိုင်း ချီတက်ကြသည်။

အဆိုပါ (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့  ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ နှင့် ၎င်းတို့၏ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင် ပုဂ္ဂိုလ်များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အငြိမ်းစားအရာရှိကြီးများ၊ အငြိမ်းစား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့၊ တံဆိပ်ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေး ကွပ်ကဲရေး အဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံ အမတ်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား (အငြိမ်းစား) ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့တို့မှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ၊ တပ်မတော် ဂုဏ်ပြုဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ဆုရရှိသည့် တပ်မတော်သား အားကစားသမားများ၊ တပ်မတော်နေ့ အလှူရှင်များ၊ တိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ ရေကြောင်း၊ လေကြောင်းလူငယ် သင်တန်းများမှ အုပ်ချုပ်သူနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြု ကြပြီး အမြောက် ၁၉ ချက် ဂုဏ်ပြုပစ်ဖောက်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၊ စစ်ရေးပြစစ်ကြောင်းကြီး များမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံး လေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင် ရွတ်ဆို ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် စစ်ရေးပြအခမ်းအနားသည် အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းဂုဏ်ဒြပ်အစဉ်အလာကြီးမား သည့် မြန်မာ့တပ်မတော်၏(၇၆)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့် စစ်ရေးပြ အခမ်းအနားဖြစ်သကဲ့သို့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနားကို ပြန်လည်ကျင်းပသည့် စစ်ရေးပြအခမ်းအနားလည်းဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုနှစ်ကျော်ခဲ့သည့်တိုင် ခေတ်အဆက်ဆက်ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့သည့် တပ်မတော်အတွက် အလွန်ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း။

သမိုင်းကြောင်းတစ်လျှောက်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံအဖြစ်  တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ငြိမ်းချမ်းထည်ဝါစွာ စုစည်းရပ်တည်နေထိုင်သည့် မိမိတို့နိုင်ငံသည် ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပြီး နယ်ချဲ့တို့၏ ဖိနှိပ်မှုအောက်တွင် နှစ်ပေါင်း ၁၀၀ ကျော်နေခဲ့ကြရကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သည့် မြန်မာ့မျိုးချစ်ခေါင်းဆောင်များအနေဖြင့် နယ်ချဲ့ကိုတိုက်ထုတ်ရန် တပ်မတော်တစ်ရပ်ထူထောင်နိုင်ရေး သခင်အောင်ဆန်းဦးဆောင်သည့် ရဲဘော် သုံးကျိပ်သည် ဂျပန်၏အကူအညီဖြင့် စစ်ပညာများကို အပင်ပန်းအဆင်းရဲခံသင်ယူခဲ့ကြ  ကြောင်း၊ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့ကို မျိုးချစ်စိတ်ထက်သန် ပြင်းပြသည့် ပြည်သူလူထုနှင့် ပူးပေါင်းမောင်းထုတ်ခဲ့ကြကြောင်း၊ အင်္ဂလိပ်တို့ ဆုတ်ခွာ ပြီးနောက် ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့က လွတ်လပ်ရေးပေးခဲ့ သော်လည်း ပြည်သူလူထုသည် ဆိုးရွားစွာညှဉ်းပန်းနှိပ်စက်မှုကို မမျှော်လင့်ဘဲခံခဲ့ရ သည့် အတွက် တပ်မတော်အနေဖြင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးကြီးကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ပူးပေါင်းလက်တွဲ ဆင်နွှဲခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း ထို့ကြောင့် ယင်းနေ့ကို တပ်မတော်နေ့ အဖြစ် သတ်မှတ်ခဲ့ကြခြင်း ပင်ဖြစ်ကြောင်း။

ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ၁၉၄၂ ခုနှစ်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်(BDA)၊ ၁၉၄၃ ခုနှစ်တွင် ဗမာ့အမျိုးသားတပ်မတော်(BNA)၊  ၁၉၄၅ ခုနှစ် ဇူလိုင်လတွင် မျိုးချစ်ဗမာ့တပ်မတော်(PBF)၊ စက်တင်ဘာလတွင် ဗမာ့တပ်မတော် (Burma Army)အဖြစ် အဆင့်ဆင့် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူလူထုနှင့်အတူ လက်တွဲပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် နယ်ချဲ့ ဗြိတိသျှ တို့ လက်အောက်မှ မြန်မာနိုင်ငံကို လွတ်လပ်ရေးရယူပေးခဲ့သည့်အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့သည့် တပ်မတော်လည်းဖြစ်ကြောင်း။    မိမိတို့နိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု၊ အယူဝါဒရေးနှင့် တိုင်းရင်းသားရေးတို့အရ  ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်လာ ရာတွင် တပ်မတော်က ပူပူနွေးနွေးရရှိထားသည့် လွတ်လပ်ရေးကြီး လက်လွတ်မဆုံးရှုံးစေ ရန် အသက်၊ သွေး၊ ချွေးများစွာကို စတေးပြီး သောင်းကျန်းသူများကို နှိမ်နင်းပေးခဲ့ရ ကြောင်း၊ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တို့ စတင် လက်နက်ကိုင်တောခိုခဲ့ရာမှစပြီး အခြားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ ပေါ်ပေါက် လာခဲ့ကြောင်း၊ နိုင်ငံတကာကလည်း “ရောင်စုံသောင်းကျန်းသူများဟု ကင်ပွန်းတပ်ခဲ့ကြကြောင်း၊ ထိုအချိန်တွင် တပ်မတော်စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီး နေဝင်းသည်  ခြေလျင်တပ်အနည်းငယ်၊ လက်ရုံးဝန်ထမ်းတပ် အနည်းငယ် နှင့် ရသမျှအင်အားစုစည်းပြီး နိုင်ငံအနှံ့ ဆူပူသောင်းကျန်းနေသည့် ရောင်စုံသောင်းကျန်း သူများကို ပြန်လည်ထိန်းချုပ်တိုက်ခိုက်ကာ နိုင်ငံကို တည်ငြိမ်အောင်၊ မပြိုကွဲအောင် ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊          ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စတင်ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော် အနေဖြင့် နိုင်ငံတော်နှင့်အချုပ်အခြာအာဏာကို ကာကွယ်ရန်တာဝန်ရှိသည့် အဖွဲ့အစည်း ပီသစွာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် ပြည်တွင်းရောင်စုံသောင်းကျန်းမှုများကို နှိမ်နင်း ခြင်းသာမက ၁၉၅၀-၆၁ ခုနှစ်ကာလအတွင်းတွင် ပြည်ပကျူးကျော်သူ ကူမင်တန် (တရုတ်ဖြူ)များ၊ ရခိုင်ပြည်နယ်အတွင်းတွင် အခြေပြုလှုပ်ရှားနေတဲ့ ကုလားဆိုး သောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့ကြောင်း၊ ၁၉၆၂-၇၂ ခုနှစ်တွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် သောင်းကျန်းသူများကို အမြစ်ဖြတ် တိုက်ထုတ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ပဲခူးရိုးမတွင် အခြေစိုက်လာသည့် ဗကပများကို ပြည်သူလူထုနှင့်ပူးပေါင်းပြီး ဖြတ် ၄ ဖြတ်စနစ်နဲ့ စစ်ဆင်ရေးကြီးတွေ ဆင်နွှဲခဲ့သည့်အတွက် ၁၉၇၅ ခုနှစ်မှာ ပဲခူးရိုးမဒေသအတွင်း ဗကပတို့၏လှုပ်ရှားမှုကို အဆုံးသတ်စေနိုင်ခဲ့ကြောင်း။

၁၉၈၈ ခုနှစ် နိုင်ငံအတွင်း ဆူပူမှုဖြစ်ပွားနေသည့်အပေါ် အခွင့်ကောင်းယူပြီး တပ်မတော်ကို အကျပ်အတည်း တွေ့စေရန်အတွက် ဗကပများသည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလတွင် စစ်မျက်နှာသုံးခုဖြင့် မိုင်းယန်းဒေသကို လာရောက်တိုက်ခိုက်ခဲ့ သောကြောင့် ၈ ရက်ကြာ သမိုင်းဝင်မိုင်းယန်းတိုက်ပွဲဆင်နွှဲခဲ့ရကြောင်း၊ မိုင်းယန်း တိုက်ပွဲတွင် ဗကပတို့ အထိနာအရေးနိမ့်သွားပြီးနောက် အကျိုးဆက်အနေဖြင့် ဗကပအဖွဲ့မှ ကိုးကန့်အဖွဲ့ ခွဲထွက်ပြီး “ဝ အဖွဲ့က အာဏာသိမ်းလိုက်ခြင်းများကြောင့် ဗကပ(ဗဟို) ပြိုကွဲခြင်းနှင့်အတူ ဗကပအရှေ့မြောက်စစ်ဒေသလည်း လုံးဝချုပ်ငြိမ်းသွားခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ပင် ကရင်ပြည်နယ် မဲသဝေါဒေသကို ထိုးစစ်ဆင် တိုက်ခိုက်လာသည့် သောင်းကျန်းသူများကိုလည်း တပ်မတော်အနေဖြင့် အောင်မြင်စွာ ပြန်လည်ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ကြောင်း။

၁၉၈၉ ခုနှစ်အတွင်း၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ နယ်စပ် တစ်လျှောက်ရှိ သောင်းကျန်းသူစခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ၁၉၉၁ ခုနှစ်တွင်လည်း မြစ်ဝကျွန်းပေါ်ဒေသကို ထိုးဖောက်ဝင်ရောက်လာသည့် သောင်းကျန်းသူ များကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ကြောင်း၊      ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရှေ့မြောက်ပိုင်း နယ်စပ်ဒေသနယ်မြေအတွင်း သောင်းကျန်းသူများသည်  ကိုးကန့်ဒေသ တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ရန်နှင့် ထိုမှတစ်ဆင့် နယ်စပ်ဒေသ များဖြစ်သည့် မုံးကိုး-ဖောင်းဆိုင်ဒေသမှ မြန်မာပြည်မြောက်ပိုင်းနယ်မြေဘက်သို့ နယ်မြေချဲ့ထွင်နိုင်ရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် လောက်ကိုင်တွင်ရှိသည့် ဌာနချုပ်အပါအဝင် လက်အောက်ခံတပ်ရင်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်က မြို့တွင်းတိုက်ပွဲအပါအဝင် လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများရယူပြီး လောက်ကိုင်ဒေသကို တိုက်ခိုက်လာ သည့် သောင်းကျန်းသူများကို တွန်းလှန်တိုက်ခိုက်ခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက် ဖြန့်ခွဲတပ်စွဲထားသည့် သောင်းကျန်းသူစခန်းများကိုပါ အောင်မြင်စွာ တိုက်ခိုက်သိမ်းယူ နိုင်ခဲ့ကြောင်း၊ ထို့နောက် သောင်းကျန်းသူများသည် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် မုံးကိုး၊ ဖောင်းဆိုင်၊ မန်ကန် စသည့် တပ်စခန်း များနှင့် ၁၀၅ မိုင်စခန်း၊ မုံးပေါ်တပ်စခန်းတို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်လာခဲ့သည်ကိုလည်း အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ကြောင်း၊ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက်တွင်  ပြည်တွင်း၊ ပြည်ပ အန္တရာယ်အမျိုးမျိုးကို အသက်၊ သွေး၊ ချွေးများစွာပေးဆပ်ပြီး စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်ခဲ့ရသည်ကို သိစေလိုကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ခဲ့ရာတွင် စွန့်လွှတ်စွန့်စားစွာ အသက်ပေးကာကွယ်တိုက်ခိုက်ခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို နိုင်ငံတော် နှင့် တပ်မတော်က ယနေ့အချိန်အထိ အောင်ဆန်း သူရိယဘွဲ့ ၆ ဦး၊ သီဟသူရဘွဲ့ ၅၀ ၊ သူရဘွဲ့ ၅၄၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင် ၁,၈၆၀၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂,၀၁၈ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂,၉၈၇ ဦးတို့ကို စွမ်းရည်သတ္တိဆိုင်ရာဘွဲ့၊ တံဆိပ်၊ လက်မှတ်များ အသီးသီးချီးမြှင့်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စွမ်းရည်သတ္တိဆိုင်ရာဘွဲ့၊ တံဆိပ်၊ လက်မှတ်များမရသော်လည်း ပေးအပ်တဲ့တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်မှုပေါင်းများစွာဖြင့် ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကိုလည်း တန်ဖိုးထားချီးကျူး ဂုဏ်ပြုပါကြောင်းနှင့် ယနေ့အခမ်းအနားတွင်လည်း အောင်ဆန်းသူရိယဘွဲ့ရရှိသူများ၏ မိသားစုများကိုပါ ဂုဏ်ယူစွာဖြင့် ဖိတ်ကြားတက်ရောက် စေလျက်ရှိပါကြောင်း။

ယခုစစ်ရေးပြအခမ်းအနားကြီးတွင် မိမိတို့တပ်မတော်စတင်ဖွဲ့စည်းချိန်တွင် စတင်အသုံးပြုဝတ်ဆင်ခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)၊ ဗမာ့ကာကွယ်ရေး တပ်မတော်(BDA)၊  ဗမာ့အမျိုးသားတပ်မတော် (BNA)၊  မျိုးချစ်ဗမာ့တပ်မတော် (PBF)၊ ဗမာ့တပ်မတော် (Burma Army)နှင့် လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် ပြောင်းလဲဝတ်ဆင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝတ်စုံများကို ဂုဏ်ပြု ဝတ်ဆင်ပြီး အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရှေးနောင်တော် များအားလုံးကိုအလေးအနက် ဂုဏ်ပြုပါကြောင်း။

ယခုနှစ် စစ်ရေးပြအခမ်းအနားတွင် ခေတ်လွန်အမြောက်နှင့် သံချပ်ကာ ယာဉ်ယန္တရားများ ပါဝင်ပြသမှုသည် လွတ်လပ်ရေးရပြီးစ ရောင်စုံသောင်းကျန်းသူ နှိမ်နင်းမှုစစ်ဆင်ရေးများတွင် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့မှုများကို တန်ဖိုးထားပြန်ပြောင်း သတိရစေပြီး ဂုဏ်ပြုသည့်အနေဖြင့် ပါဝင်ဆောင်ရွက်စေခြင်းပင်ဖြစ်ကြောင်း၊ ချို့တဲ့စွာဖြင့် စခဲ့ရသည့် အမြောက်၊ ယန္တရားများသည် ခေါင်းဆောင်အသီးသီး၏ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ယခုအချိန်တွင် ခေတ်မီသည့် အမြောက်၊ ယန္တရားများ တပ်ဆင် အသုံးပြု လာနိုင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ကျေပွန်စွာထမ်းဆောင် နိုင်ရန်အတွက် သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်သည့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်း တည်ဆောက်လျက်ရှိကြောင်း၊ Standard Army ဖွဲ့စည်း တည်ဆောက်ရာတွင် တပ်မတော်(ကြည်း)ကို လူ၊ လက်နက် ဖွဲ့စည်းမှု အဆင့်မြှင့်တင်ခြင်းသာမက တပ်မတော် (ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်းများအပြင် တပ်မတော်(လေ)အတွက် လိုအပ်သည့် လေယာဉ်များကို အဆင့်မြှင့်တင်ခြင်း၊ထုတ်လုပ်ခြင်းနှင့် ခေတ်မီလေယာဉ်များရရှိရေးကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊          တပ်မတော်သား စွမ်းအားအရင်းအမြစ်များသည် တပ်မတော်ကို အကျိုးပြုနိုင်ရုံမျှမက နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကိုပါ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သား လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် ဆေးပညာရှင်၊ အင်ဂျင်နီယာ၊ နည်းပညာကျွမ်းကျင်သူနှင့် ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်သူသိပ္ပံပါရဂူနှင့် ပါရဂူဘွဲ့ရ ၁,၂၀၀ ကျော်၊ မဟာဘွဲ့ရ ၁၄,၀၀၀ ကျော်တို့ကို  ပြည်တွင်း၊ ပြည်ပတွင် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံနှင့် တပ်မတော် အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအသီးသီးမှာ တာဝန် ထမ်းဆောင်နေကြကြောင်း။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅) နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ပြုဆု၊ အမှုထမ်းကောင်းဆိုင်ရာဂုဏ်ပြုဆု၊ အနုပညာဆိုင်ရာဂုဏ်ပြုဆု၊ စာပေဆိုင်ရာ ဂုဏ်ပြုဆု၊ စီးပွားရေးဆိုင်ရာဂုဏ်ပြုဆု၊ နည်းပညာဆိုင်ရာဂုဏ်ပြုဆု၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာဂုဏ်ပြုဆုနှင့် အားကစားဆိုင်ရာဂုဏ်ပြုဆု စသည့် ဂုဏ်ပြုဆု အသီးသီးကို ပေးအပ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် တပ်မတော်အနေဖြင့် တပ်မတော် ဂုဏ်ဆောင်နှင့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများစွာကိုလည်း နှစ်စဉ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အာရှ အားကစားပြိုင်ပွဲ၊ ကမ္ဘာ့အိုလံပစ်အားကစားပွဲများ၏ ရေကူး၊ ဘောလုံး၊ သေနတ်ပစ်၊ လက်ဝှေ့၊ ပြေးခုန်ပစ်သည့် အားကစားနည်းများတွင် အမာခံ အားကစားသမားအဖြစ် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သား၊ အားကစားသမားများကိုလည်း ချီးကျူး ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားလိုကြောင်း။      

တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက် လျက်ရှိရာတွင် လူသားချင်း စာနာထောက်ကူမှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) လုပ်ငန်းစဉ်များတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော် ဆေးတပ်ဖွဲ့မှ ပါရဂူ၊ ဆေးမှူးများနှင့် တပ်ဖွဲ့ဝင်များက ၈ နှစ်ကျော်ကာလအတွင်း ပြည်သူ ၂.၅ သန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  တပ်မတော်(ရေ) အနေဖြင့်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ပင်လယ်ပြင်အတွင်းမှ ဒုက္ခသည် ၄,၀၀၀ ကျော်ကို ကူညီ ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် COVID-19 ကာလအတွင်း မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ပို့ဘလဲယားတို့တွင် ကာလကြာရှည်စွာ ဒုက္ခခံနေရသည့် မြန်မာနိုင်ငံသား ၁,၁၅၀ ကျော်ကိုလည်း  ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စစ်ရေယာဉ်များစေလွှတ်ပြီး နိုင်ငံအတွင်းသို့ ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် နိုင်ငံသားများကို ခေါ်ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုနှစ် ဖေဖော်ဝါရီ နှင့် မတ်လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံများ မဖွင့်နိုင်သည့်အတွက် ဆေးကုသမှုခံယူရန် အခက်အခဲ ဖြစ်နေသည့် ပြည်သူလူထုကို တပ်မတော်ဆေးရုံ များတွင် ကျန်းမာရေးစောင့်ရှောက် ပေးမှုများ လုပ်ဆောင်ပေးခဲ့ရာတွင် ပြည်သူလူထု ပြင်ပလူနာ ၉၀,၀၀၀ ကျော်၊ အတွင်း လူနာ ၃၀,၀၀၀ ခန့်တို့ကို ပြုစုကုသပေးနိုင်ခဲ့ပြီး မွေးလူနာ ၆,၀၀၀ နီးပါး တို့ကို ကောင်းမွန်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း။

တပ်မတော်(လေ)အနေဖြင့်လည်း HADR လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဒုက္ခရောက်နေသူ ပြည်သူများအတွက် ရိက္ခာ ဆေးဝါးပို့ဆောင်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း ပိတ်မိနေသည့် ပြည်သူလူထုများ၊ ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူများကိုလည်း တပ်မတော်ရဟတ်ယာဉ်များ ဖြင့်  ရွှေ့ပြောင်း ပို့ဆောင်မှုများ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။

မိမိတို့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် သဘာဝဘေးအန္တရာယ်များ အပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်တိုအတွင်း တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိအောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပွားသည်နှင့် အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အမြန်ဆုံး အကူအညီ လိုအပ်နေသည့်နေရာများကို သွားရောက်ကူညီ ဆောင်ရွက်ပေးကြရန် အလေးထား မှာကြားလိုကြောင်း။

တပ်မတော်အနေဖြင့် ထိုကဲ့သို့ ပြည်သူလူထု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံ လိုအပ်ချက်ဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ အစိုးရအဆက်ဆက်ကာလများတွင် ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှု မျိုးစုံပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ပါတီစုံဒီမိုကရေစီ ကာလတွင်လည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်သည်အထိ ရောက်ရှိခဲ့ကြောင်း၊ တပ်မတော်၏ငြိမ်းချမ်းရေး ရပ်တည်ချက်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် မူဝါဒ (၆)ရပ်ကိုချမှတ်၍ ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းမူဝါဒများသည်လည်း နိုင်ငံ့အကျိုးစီးပွား၊ တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားကိုသာရှေးရှုပြီး ရေရှည် မျှော်တွေး ချမှတ်ခဲ့ခြင်းပင် ဖြစ်ကြောင်း။      

ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် တပ်မတော်အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီဆိုသည့် ကော်မတီ ၃ ခုနှင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက် ကြောင်း၊ ထိုကဲ့သို့ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်နေသည့်ကာလတွင် လက်နက် ကိုင်အဖွဲ့အစည်းအချို့သည် တစ်ဖက်သတ် တောင်းဆိုနေမှုများ၊ တရားမဝင် ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှုများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများကို လုပ်ဆောင်နေမှုများရှိနေ  သည်ကိုတွေ့နေရကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေး မဆုံးရှုံးခင်ကာလအထိ ဘုရင့် နိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီစနစ် အပါအဝင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်ကစပြီး ပြည်သူအများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမို ကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် မားမား မတ်မတ် တည်တံ့ခိုင်မြဲနေရေး ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် နယ်မြေအေးချမ်းတည်ငြိမ်မှုနှင့် လူမှုဘဝလုံခြုံမှုအပေါ် ထိခိုက်စေလျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များပြုလုပ်ပြီး မိမိတို့ လိုလားချက်များကို ရှေ့တန်းတင် တောင်းဆိုနေမှုများသည် မည်သို့မျှမဖြစ်သင့်ကြောင်းကို ပြောလိုကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအနှောင့်အယှက်ဖြစ်နေသည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန်အတွက် ကိုင်ထားသည့်လက်နက်များကို ဘေးချထားပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် အတူတကွဆွေးနွေး ညှိနှိုင်းရန် အဓိက လိုအပ်ကြောင်း၊ ထို့အပြင် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်မှတ်ရေးထိုးရန်လိုအပ်သကဲ့သို့ လက်မှတ် ရေးထိုးပြီးဖြစ်သည့် အဖွဲ့များအနေဖြင့်လည်း ဥပဒေဘောင်အတွင်းမှ သဘောတူညီချက် များနှင့်အညီ နေထိုင်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်နှင့်အတူ လက်တွဲကြိုးပမ်းသွားကြရန် တိုက်တွန်းလိုကြောင်း။

တပ်မတော်အနေဖြင့် NCA လမ်းကြောင်းမှတဆင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေစဉ် အချို့ဒေသများတွင်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန် နိုင်ရေးကိုလည်း ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ IDP Camp များမှ ဒေသခံတိုင်းရင်းသား ပြည်သူများ ၎င်းတို့၏နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေအသီးသီးတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများအပါအဝင် အခြေခံစားဝတ်နေရေး လုပ်ငန်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း။

တပ်မတော်သည် နိုင်ငံတော်က ပြဌာန်းထားသည့် ဥပဒေများကို လေးစား လိုက်နာဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာပြီး စိတ်ဓာတ်စည်းကမ်း ကောင်းမွန်စွာဖြင့် နေထိုင်ကျင့်ကြံသွားကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းအရာတွင် စံနမူနာပြဖြစ်သည့် အဖွဲ့အစည်းအဖြစ် တပ်မတော်၏ အစဉ်အလာ ကောင်းများကို ထိန်းသိမ်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား တိုင်းသည် နိုင်ငံတော်ကို ကာကွယ်ရန်ဆိုသည့် အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနှင့် မိမိတို့ သဘောဆန္ဒအလျောက် ရွေးချယ်ပြီး တပ်မတော်အတွင်းသို့ ဝင်ရောက်လာသူများ ဖြစ် ကြောင်း၊ ထို့ကြောင့်  အသက်ခန္ဓာပေး တာဝန်ထမ်းဆောင်နေမှုအပေါ် ဂုဏ်ယူပြီး နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် စစ်သည်တော်ကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကစ၍ ဖြစ်ပေါ်ခဲ့သည့်အခြေအနေ အရပ်ရပ်ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်တာဝန်ယူခဲ့ရကြောင်း၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မဲပေးပိုင်ခွင့် ရှိသူ ၃၉ ဒသမ ၂ သန်းရှိခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲပြုလုပ်ရန် အကြိမ်ကြိမ် တိုက်တွန်းသော်လည်း မဲပေးပိုင်ခွင့်ရှိသူများကို တပ်မတော်က စိစစ်ခဲ့ရာတွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀ ဒသမ ၄ သန်းကျော်ရှိခဲ့သည်ကို အငြင်းပွားဖွယ် တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ဖြစ်ပေါ်နေသည့် အငြင်းပွားဖွယ် ကိစ္စရပ်များကို NLD ဦးဆောင်သည့် အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ထံ ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တောင်းဆိုချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်း မရှိရုံမျှမက လျစ်လျူရှုပြီး လွှတ်တော်အသီးသီးခေါ်ယူခြင်းနှင့် အစိုးရသစ် တစ်ရပ်ဖွဲ့စည်းနိုင်ရေးကိုသာ ကြိုးပမ်းခဲ့ ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀ (ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် NLD အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲတွင် မရိုးမသားဆောင်ရွက်ခဲ့သည့် ဥပဒေမဲ့လုပ်ဆောင်မှုကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်ကို မလွှဲမရှောင်သာ ဥပဒေနှင့်အညီ ထမ်းဆောင်ခြင်းပင်ကြောင်း၊ အရေးပေါ်ကာလ တာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ပြီး တာဝန်လွှဲပြောင်းမှုများ ဆက်လုပ်သွားမည်ဖြစ် ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ မိမိတို့တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး လုံခြုံ အေးချမ်းစွာနှင့် အေးအတူ ပူအမျှ လက်တွဲပြီး မိမိတို့နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားစွာ နေထိုင်လုပ်ကိုင်နိုင်အောင် ခိုင်မာစွာ ဆက်လက်လုပ်ဆောင်သွားမည်၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝတိုးတက်ရေး ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

ဥပဒေပြုလုပ်ငန်းကို လုပ်ဆောင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေကို စံပြလိုက်နာရန်လိုကြောင်း၊ ၎င်းတို့ ကိုယ်တိုင်က ဥပဒေကို လေးစားလိုက်နာမှု မရှိ၊ ချိုးဖောက်မှု ပြုနေကြပါက မိမိတို့မျှော်မှန်းထားသည့် ဒီမိုကရေစီသည် စည်းကမ်းမရှိသည့် ဒီမိုကရေစီသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ယခုလည်း ပါတီခေါင်းဆောင် အချို့သည် အဂတိလိုက်စားမှုများ စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ခေတ္တထိန်းသိမ်း စောင့်ရှောက်ထားသည့်ကာလအတွင်း ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ်ပါအတိုင်း  ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် နိုင်ငံခြားရေး၊ အုပ်ချုပ်ရေးနှင့် ငြိမ်းချမ်းရေး စသည်တို့နှင့် ပတ်သက် သည့် မူဝါဒများသည်လည်း တည်ဆဲမူဝါဒများနှင့် ဥပဒေများကို ပြောင်းလဲသွားမည် မဟုတ်ဘဲ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားလိုကြောင်း။

နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် အမြဲထိတွေ့ဆက်ဆံပူးပေါင်းဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သည် အိမ်နီးချင်း တပ်မတော်၊ ဒေသတွင်း တပ်မတော်များအပြင် နိုင်ငံတကာတပ်မတော်များနှင့်လည်း မိတ်ဝတ်မပြတ် ဆက်ဆံရေးမူဝါဒများ ချမှတ် ကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆက်ဆံဆောင်ရွက်သည့်နေရာတွင် အာဆီယံတပ်မတော်များအပါအဝင် မိတ်ဆွေနိုင်ငံများမှ တပ်မတော်များနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုရှေးရှုပြီး ပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ကျင့်မှုများ၊ လုပ်ဆောင်ကာ အပြန်အလှန် လေ့လာသင်ယူမှုများနှင့် နားလည်ယုံကြည်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း။

ယနေ့စစ်ရေးပြအခမ်းအနားသို့ ဂုဏ်ပြုတက်ရောက်ပေးသည့် ရုရှားတပ်မတော်မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ အနေဝေးသော်လည်း ရင်းနှီးခင်မင်စွာဖြင့် မိတ်ဆွေရင်းပီသစွာ မိမိတို့တပ်မတော် အပေါ် အစဉ်အမြဲ ထောက်ခံကူညီဆောင်ရွက်ပေးလျက်ရှိသော ရုရှားနိုင်ငံအစိုးရနှင့် တပ်မတော် က တာဝန်ရှိသူများအားလုံးကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ တပ်မတော် သည် မှန်ကန်မွန်မြတ်သည့် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာ ကောင်းသည့် သမိုင်းကြောင်းများကိုလည်း ပိုင်ဆိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အမိနိုင်ငံတော်နှင့် လူမျိုး အပေါ်တွင် မည်သည့်သစ္စာဖောက်မှုမျိုးကိုမဆို မကျူးလွန်ဘဲ သစ္စာစောင့်သိခဲ့ သည့် တပ်မတော်ဖြစ်သည်နှင့်အညီ နိုင်ငံနှင့် လူမျိုးအပေါ်တွင် အကျိုးအမြတ်ရယူရန် မကြိုးပမ်းဘဲ ပေးဆပ်ရေးကိုသာ အစဉ်တစိုက် ဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိလူမျိုးကို ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင်နိုင်ငံတော်အလံနှင့် ကိုယ်ပိုင်နိုင်ငံတော်သီချင်း သီဆို နိုင်သည့်လူမျိုးအဖြစ် ကာကွယ်ပို့ဆောင်ပေးခဲ့ပြီးလည်း ဖြစ်ကြောင်း၊ တပ်မတော်သည် အတိတ်ကာလက နိုင်ငံနှင့်လူမျိုးအပေါ် တာဝန် ကျေပွန်မှု၊ သစ္စာစောင့်သိမှု၊ ပေးဆပ်မှု အမျိုးမျိုးကို မညည်းမညူ လုပ်ဆောင်ခဲ့ပြီးဖြစ်သကဲ့သို့ ယခုပစ္စုပ္ပန်ကာလတွင်လည်း နိုင်ငံနှင့် လူမျိုးအတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးကို တည့်မတ် ထိန်း သိမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှ သည် တပ်မတော်အတွက်မဟုတ်ဘဲ အမိနိုင်ငံနှင့် တိုင်းရင်းသား ပြည်သူလူထု ကောင်းကျိုးဖြစ်ထွန်းပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် နိုင်ငံနှင့်လူမျိုးအဖြစ် ကမ္ဘာ့အလယ်တွင် ဆက်လက် ရပ်တည်သွားနိုင်ရေး ကိုယ်ကျိုးမငဲ့ မွန်မြတ်သည့် စိတ်ရင်း စေတနာနှင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း။

(၇၆) နှစ်မြောက် တပ်မတော်နေ့ ဦးတည်များဖြစ်သည့် အမျိုးသားရေး မူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့်အညီ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်မှု မရှိစေရန် ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ တပ်မတော်က ကာကွယ်ထိန်းသိမ်းပေးရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု အပါအဝင် ပြည်သူများ အပေါ် ကျရောက်လာသည့် အန္တရာယ် မှန်သမျှကို မည်သည့်အခြေအနေ၊ မည်သည့်အချိန် အခါတွင်မဆို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူလူထု၏ လူနေမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရေး၊ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် ပကတိလိုအပ်ချက် ဖြစ်သည့်အတွက် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို မသွေဖည်ဘဲ NCA အပေါ်အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာ အာဏာကို ထိရောက်စွာကာကွယ်နိုင်ရန် တိုက်ပွဲစွမ်းရည်နဲ့ တိုက်ပွဲစွမ်းအားရှိသော ကျစ်လျစ်ခိုင်မာတောင့်တင်းသည့် ခေတ်မီတပ်မတော်တည်ဆောက်ရေးဟူသည့် ဦးတည်ချက်များနှင့်အညီ  ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြား သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် စိုးမင်းဦး ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင် ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ညီညာစွာ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စီးနှင့် Mi-2Mတိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးတို့က “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံကို ချိတ်ဆွဲ၍လည်းကောင်း၊ MI-35 P တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စီးက တပ်မတော်(ကြည်း) အလံ၊ တပ်မတော်(ရေ) အလံနှင့် တပ်မတော် (လေ) အလံတို့ကို ချိတ်ဆွဲကာ Vic Formation ပုံစံဖြင့်လည်းကောင်း၊ Bell-212 ရဟတ်ယာဉ် ၁ စီးနှင့် Bell-206 ရဟတ်ယာဉ် ၂ စီးတို့က အမျိုးအစားမတူ အုပ်ဖွဲ့ ပျံသန်းခြင်းပုံစံဖြင့်လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၁ စီးနှင့် H-120  ရဟတ်ယာဉ် ၂ စီးတို့က အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်းခြင်းပုံစံဖြင့်လည်းကောင်း အသီးသီးချီတက် အလေးပြုကြြပီး H-120  ရဟတ်ယာဉ် ၂ စီးတွင် ချင်းတိုင်းရင်းသူ ဗိုလ် ဒေါ်မေဇင်သျှံနှင့် မွန်တိုင်းရင်းသူ ဗိုလ်ဒေါ်ဖြူသွယ်ကျော် တို့က တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပထမဦးဆုံးလေသူရဲများအဖြစ် ပါဝင် ပျံသန်းသရုပ်ပြခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် Mi-2 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးက Vic Formation ပုံစံဖြင့် လည်းကောင်း၊ Eurocopter ရဟတ်ယာဉ် ၁ စီးနှင့် PC-7 အပေါ့စားကင်းထောက် တိုက် လေယာဉ် ၂ စီးတို့က အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်းခြင်းပုံစံဖြင့်လည်းကောင်း၊ Grob အမောင်းသင်လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Beech သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး နှင့် K-8 အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၂ စီးတို့က အုပ်ဖွဲ့ပျံသန်းခြင်းပုံစံဖြင့်လည်းကောင်း၊ JF-17 ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၃ စီးက Vic Formation ပုံစံဖြင့် လည်းကောင်း၊ A-5 မြေပြင်တိုက်ခိုက်ရေးလေယာဉ် ၃ စီးနှင့် F-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၂ စီး တို့က အမျိုးအစားမတူ မြှားခေါင်းပုံစံ ပျံသန်းပြီး နိုင်ငံတော်အလံကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးများကို ထုတ်လွှတ်၍လည်းကောင်း၊ Yak-130 အပေါ့စားတိုက်ခိုက်ရေး လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ K-8 အပေါ့စားတိုက်ခိုက်ရေး လေယာဉ် ၃ စီးနှင့် Yak-130 အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၂ စီးတို့က အမျိုးအစားမတူ Right Echelon ပုံစံအုပ်ဖွဲ့ပျံသန်းပြီး နိုင်ငံတော်အလံ ကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးများကို ထုတ်လွှတ်၍လည်းကောင်း၊ Mig-29 ဘက်စုံသုံးတိုက်လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Fan Break ပုံစံဖြင့်လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၁၂၁ ခုနှစ်(၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

(၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော်စစ်ရေးပြ ကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော် တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၆) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် တံဆိပ် ကြီးကိုလည်းကောင်း ဝင့်ထည်စွာ တွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေးတပ်မတော် အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မ ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။

ထို့အပြင် (၇၆) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကြူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိပြီး စစ်ရေးပြ ကွင်းရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူကာ စာတန်းများကိုလည်း ချိတ်ဆွဲထား ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)