Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား  ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်  တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက် ကြပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဒေသ ဆိုင်ရာ အထွေထွေအချက်အလက်များ၊ မြို့တော်သန့်ရှင်းသာယာလှပရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ နိုင်ငံရေး ဖြစ်ပေါ်ပြောင်း လဲမှု အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိအနေဖြင့် အရပ် ဘက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ယာယီသမ္မတ၏ တာဝန်လွှဲအပ်မှု နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူဆောင်ရွက်နေရခြင်းကို ပြော ကြားခဲ့ကြောင်း၊ ထိုသို့ပြောကြားမှုများကို သတင်းထုတ်ပြန်ခဲ့သော်လည်း နိုင်ငံ့ ဝန်ထမ်းအချို့အနေဖြင့် တပ်မတော်၏ အမျိုးသား နိုင်ငံရေးတာဝန်ထမ်းဆောင် ခြင်းနှင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းကို သိရှိနားလည်မှုများ မရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သို့ပင်ဖြစ်စေ ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး မိမိ၏ နိုင်ငံ့ဝန်ထမ်း လုပ်ငန်း တာဝန်များနှင့် ပါတီနိုင်ငံရေးကို ခွဲခြားသိမြင်ရမည် ဖြစ်ကြောင်း၊ မိမိ၏ နိုင်ငံ့ဝန်ထမ်းတာဝန်များကို သစ္စာရှိစွာဖြင့် တာဝန်ထမ်း ဆောင်ရမည်ကို သိရှိ နားလည် ရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာမှု အခြေအနေများအရ အစိုးရကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုများ၊ မသမာသောသူများ ၏  ခြိမ်းခြောက် မှုများအရ တာဝန်ဝတ္တရားလစ်ဟင်းမှုများကို နားလည်နိုင်သော် လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊ မိမိတစ်ဦး တစ်ယောက် ၏ ပါတီနိုင်ငံရေး ခံစား ချက်များကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြား ကဏ္ဍပေါင်းစုံတွင် နစ်နာမှုများ မဖြစ်ပေါ်စေလိုကြောင်းဖြင့် ဦးစွာ ပြောကြား သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်လာ ရသည့် နောက်ခံအကြောင်းအရာများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် မိမိ တို့နိုင်ငံတွင် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ပေါ်လာစေရေး မိမိတို့နိုင်ငံလူဦးရေ၏ ၉၂.၄၈ သန်းကျော် မဲပေးအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့် အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း၊ ဦးသိန်းစိန် ဦးဆောင် သည့် အစိုးရသည် နိုင်ငံတော်ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် အခက်အခဲများကြားမှ ကြိုးပမ်းလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့်များကို ပူးပေါင်းကူညီလုပ်ဆောင်ပေးခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း အကောင်အထည်ဖော်ဆောင်ပေးနိုင်ခဲ့ ကြောင်း၊ သို့သော်လည်း ဒီမိုကရေစီသက်တမ်းနုနယ်ပြီး အဘက်ဘက်မှ ဖိအား များ၊ အခက်အခဲများကြောင့် အချို့နေရာများတွင် ပြည်သူလူထုလိုလားသည့် များတွင် လိုအပ်ချက်များရှိခဲ့ကြောင်း။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် ၂၀၁၂ ခုနှစ်တွင် အတိုက်အခံပါတီအဖြစ် ရပ်တည်နေသော NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်နိုင်စေရေး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း  ဥပဒေကို ပြင်ဆင်ပေးခဲ့ ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး  နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန်ပြောဆိုမှုများ၊ ဝေဖန် ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီက ပြည်သူလူထုသို့ မဲဆွယ် စည်းရုံးပြီး ပေးအပ်ထားသည့် ကတိကဝတ်များနှင့်လည်း အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ကြောင်း၊ ထို့ပြင် အမျိုးသားရေးစရိုက်လက္ခဏာ ကိုထိခိုက် စေနိုင်သည့် လုပ်ဆောင်မှုများ၊ ဥပဒေပြင်ဆင်ခြင်းများ၊ ပယ်ဖျက်ခြင်းများကို ပါ လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိရကြောင်း။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ဆန္ဒအလျောက် မဲပေးခဲ့ကြ သည့် အစိုးရများအပေါ် အလွှာအသီးသီး၏ ခံစားချက်များကိုမူတည်၍ အစိုးရ ၏လုပ်ဆောင်ချက်များအပေါ်မှာ အားမလိုအားမရ ဖြစ်လာသည့်အတွက် ရွေးကောက်ပွဲလုပ်ရန်ရှိလာသည့်အခါ ရွေးကောက်ပွဲအပေါ် စိတ်ပျက်ပြီး မဲမပေး ချင်သောစိတ်များ ဖြစ်လာကြသည်ကို လေ့လာတွေ့ရပြီး No Vote မဲမပေး ကြရေး လှုပ်ရှားမှုများ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲ လုပ်သည့် အခါတွင် ရန်ကုန် တစ်မြို့နယ်လုံး၌ ဆန္ဒမဲပေးသူ ၁၄ ရာခိုင်နှုန်းကျော် ခန့် သာရှိသည်ကို သိရှိရပြီး ပြည်သူ့ကိုယ်စားလှယ်စစ်စစ်မဖြစ်နိုင်သည်ကို တွေ့ရှိ ကြရမည် ဖြစ်ကြောင်း။

အဆိုပါ  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ သည် မပြုလုပ်ပါကလည်း ရသည့်အခြေအနေတွင်ဖြစ်ပြီး NLD အစိုးရ အနေဖြင့် ပြည်သူလူထု၏ ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ စိတ်ပါဝင်စားမှု နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအပေါ် အကဲစမ်းမှု တစ်ခုပင်ဖြစ်ခဲ့ကြောင်း၊ ၎င်းတို့အနေ ဖြင့် ရွေးကောက်ပွဲတွင် မဲပေးသူမရှိ၊ မဲမရရှိပါက နိုင်ငံရေးအရ သိက္ခာကျမည်ဖြစ်သဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီများဖွဲ့စည်း လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေအပေါ်တွင် ကျော်လွန်၍ အမိန့်အမျိုးမျိုး ကို ထုတ်ပြန်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ခဲ့ ချိန်တွင် မိမိတို့ တပ်မတော်သားများအနေဖြင့် ပြည်သူများနှင့်အတူ ပြင်ပ မဲရုံ များတွင် သတ်မှတ်စည်းကမ်းချက်များ၊ COVID-19 ထုတ်ပြန်ချက်များနှင့်အညီ မဲပေးခဲ့ကြောင်း၊ ထို့နောက် မဲစာရင်းရလဒ်များ ထုတ်ပြန်ကြေညာခဲ့ချိန်တွင် မဲ မသမာမှုများဖြစ်ပေါ်နိုင်သည်ကို သတိပြုမိခဲ့ပြီး ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် များနှင့် ပါတီများ၏ တောင်းဆိုချက်များအရ တပ်မတော်က မဲစာရင်းများ စစ်ဆေးခဲ့ရာတွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀ သန်းကျော်ထိ ရှိနေ သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ စစ်ဆေးတွေ့ရှိမှုများကိုလည်း နေ့စဉ် ထုတ်ပြန်ပေးခဲ့ကြောင်း။

ထိုသို့မဲစာရင်းများကြီးမားစွာမှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေး ရန် တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသည့် အပြင် တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင်ခေါ်ယူ၍ နိုင်ငံ တော်၏ အာဏာကို အဓမ္မရယူရန်အထိ လုပ်ဆောင်လာခဲ့သဖြင့် နိုင်ငံတော် ကို နိုင်ငံရေးအရအရေးပေါ်အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန် လွှဲအပ်ချက် အရ တရားဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင် နေခြင်းပင်ဖြစ်ကြောင်း။

ထို့နောက် တပ်မတော်သည် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းမဟုတ် ဘဲ ဒီမိုကရေစီစနစ်ခိုင်မာစေရေး ဥပဒေနှင့် အညီလုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်နေသည့် အခြေအနေ များနှင့် ပတ်သက်၍ ဒီမိုကရေစီစနစ်နှင့်အညီ အုပ်ချုပ်မှုလုပ်ငန်းများ ပုံမှန်အ တိုင်း ဖြစ်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တပ်ဘက်၊ အရပ်ဘက်မျှတအောင် ဖွဲ့စည်းခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကောင်စီဥက္ကဋ္ဌများကို အရပ်သားများဖြင့်သာ ဖွဲ့စည်းပေးခဲ့ကြောင်း၊ လုပ်ရည် ကိုင်ရည်ရှိပြီး အရည်အချင်းရှိသူများကို ရွေးခြယ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ် ကြောင်း။

စတင်တာဝန်ယူပြီးသည့်နောက်ပိုင်း ပထမပတ်တာကာလအတွင်း တည် ငြိမ်အေးချမ်းခဲ့သော်လည်း ဒုတိယပတ်မှစ၍ ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်လာ ခဲ့ကြောင်း၊ ဆန္ဒပြမှုများတွင် ရိုးသားစွာဖြင့် NLD ကို ဆန္ဒမဲပေးခဲ့ကြသူ များနှင့် မဲမသမာမှုများဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ကြသူများ၊ လှုံ့ဆော်သွေးထိုး သူများဟူ၍ အမျိုးအစားနှစ်ခုပါဝင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံရေးအမြတ်ထုတ်သူများ၏ လှုံ့ဆော်သွေးထိုးမှုများကြောင့် ငြိမ်းချမ်း စွာဆန္ဒပြမှုများမှတစ်ဆင့် ဆူပူအကြမ်းဖက်မှု၊ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေ ချိုးဖောက်မှု၊ လက်နက်ကိုင်အကြမ်းဖက်သည့် အဆင့်တို့သို့ ကူးစက်အသွင်ပြောင်း လာခဲ့သည်ကိုတွေ့ရှိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန် ဆောင်ရွက်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအလိုက် အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့်သာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် ဆူပူဆန္ဒပြမှုများ လျော့နည်းကာ ပုံမှန်အနေအထားအတိုင်း ပြန်လည် သွားလာလှုပ်ရှားလည်ပတ်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် သန့်ရှင်းသည့် ဒီမိုကရေစီဖြစ်စေရေး၊ ရိုးသားသည့် ဒီမိုကရေစီဖြစ်စေရေးကိုသာ လိုလားပါကြောင်း၊ လက်ရှိဖြစ်ပေါ်ခဲ့သည့် မဲမသမာ မှုများသည့် အလွန်ဆိုးရွားသည့် ဖြစ်စဉ်ဖြစ်ပြီး ရိုးရိုးဖြေလျှင်အောင်သည့် စာမေး ပွဲကို မတန်တဆ အမှတ်များလိုချင်သဖြင့် မရိုးသားသောနည်းလမ်းဖြင့် စာမေးပွဲ ဖြေဆိုသည်နှင့် တူနေကြောင်း၊ ၁၉၅၆ ခုနှစ် ဟယ်ရီတန်အရေးအခင်းကဲ့သို့ ဖြစ်ပြီး လွှတ်တော်အဖွဲ့အစည်းသည် “ ဟယ်ရီတန်ကြောင့် စာမေးပွဲအောင်သလို ” လုပ်၍ မရဘဲ မဲမသမာခြင်းသည် ဒီမိုကရေစီစနစ်၊ ပြည်သူ့ဆန္ဒကို ပျက်ရယ်ပြုခြင်း၊ ဖျက်ဆီးခြင်းပင်ဖြစ်ပါကြောင်း။

ဆက်လက်ပြီး စီးပွားရေး၊ ပညာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ ယခင်အစိုးရအဆက်ဆက်လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများ၊ စီမံကိန်းများမှ ဒေသအတွက် အကျိုးရှိမည့် လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း နေထိုင်သည့် ပြည်သူလူထု၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ဦးစားပေးဖြေရှင်းပေးရန်လို ကြောင်း၊ ဥပမာအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ မိုးတွင်းကာလ မြို့တွင်း၌ ရေကြီး၊ ရေလျှံမှု မဖြစ်ရေး၊ ယာဉ်စည်းကမ်း လိုက်နာရေး၊ ခြောက်သွေ့ရာသီ၌ သုံးရေ လုံလောက်ရေး စသည့် လက်တွေ့ပြည်သူဘဝကို အကျိုးရှိစေမည်ကို ဦးစားပေးဆောင်ရွက်ရန်လို ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်သည့် နိုင်ငံတစ်ခုဖြစ်ပြီး ဆန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ သည့် နိုင်ငံတစ်ခုတွင် ဆန် မလုံလောက်သည့် ဒေသများရှိနေသည်ကို အဖြေရှာကြရမည်ဖြစ်ကြောင်း၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများကို ပြင်ပမှ ဝယ်ယူ သုံးစွဲနေမှုများအား လျော့ချရန်လိုပြီး ပြည်တွင်း၌ ထုတ်လုပ်သုံးစွဲနိုင်မှသာလျင် တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း။

ထို့အပြင်တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊  တိုင်းပြည်အတွက် လက်တွေ့ကျ သော ထုတ်ကုန်ကဏ္ဍမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေးခေတ်မီတိုးတက်အောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ သွင်းအား စုကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးထုတ်ကုန်များအရည် အသွေး မြှင့်တင်ရန်လိုအပ်ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင်လည်း ပစ္စည်းချင်း တူလျင် ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိမှု၊ သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေးကောင်းမွန်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် များကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ကြရန်လိုကြောင်း။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ကဏ္ဍ သည်အရေးကြီးကြောင်း၊ နိုင်ငံ့ပညာရေးအတွက် ကျောင်းဆရာ၊ ဆရာမများ ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးကြောင်း၊ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍများကိုအားပေးရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်ပေါ်လာစေ ရေးအတွက် ပညာရေးကိုအားပေးရမည်ဖြစ်ပြီး ကောင်းမွန်သည့် လက်ဆင့်ကမ်း အမွေများကို ပေးခဲ့ရမည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတာဝန် ဝတ္တရားကိုသိရှိပြီး မိမိတာဝန် ကို ကျေပွန်ရန်လိုကြောင်း၊ တိုင်းပြည်အတွက်အလုပ်လုပ်ရမည်ဖြစ်ပြီး မိမိ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်မှသာလျင် လုပ်ဖော်ကိုင်ဖက် များနှင့် ပြည်သူက လေးစားမည်ဖြစ်ကြောင်း၊ မိမိတိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးအတွက် တစ်ဦးချင်းအသိစိတ်ဓာတ်များကောင်းမွန်စွာဖြင့် နိုင်ငံ့တာဝန် များကို ကျေပွန်အောင် ဝိုင်းဝန်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)