Skip to main content

တိုင်းပြည်အပေါ်သစ္စာရှိစွာဖြင့် မိမိတို့တစ်ဦးချင်း၏ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်နှင့် ကျေပွန်စွာထမ်းဆောင်နေခြင်းသည်လည်း နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင် နေခြင်းပင်ဖြစ်

နေပြည်တော် မေ ၃၁

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်သည်ဟု ဆိုရာတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများသာမက နိုင်ငံတော်၏ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး အတွက်ထိန်းသိမ်း ဆောင်ရွက်ခြင်းသည်လည်း နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ခြင်းပင် ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာမှုများကို ကာကွယ်ပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ ကပ်ရော ဂါကြုံတွေ့နေရမှုများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးခြင်းနှင့် မိမိလုပ်ငန်း တာဝန်များကို ကောင်းမွန်ကျေပွန်စွာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေခြင်းသည်လည်း နိုင်ငံတော်ကို ကာကွယ်နေခြင်းပင် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်စေရေး၊ ခိုင်မာသည့် ဒီမိုကရေစီစနစ် ဖြစ်စေရေးအတွက် နိုင်ငံတော်၏တာဝန်ကို ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်ခဲ့သည်မှာ ၄ လတာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယာယီသမ္မတက နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာ တို့ကို လွှဲအပ်တာဝန် ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း မိမိတို့အနေဖြင့် ပြည်သူလူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း အတည်ပြုမဲပေးပြီး ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် အတိုင်းသာ လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခြားသော နိုင်ငံများ၏ အခြေခံဥပဒေများနှင့် တူညီမှုမရှိဘဲ ကွဲပြားမှုများရှိကြောင်း၊ အခြေခံဥပဒေပါ တပ်မတော်၏ အခန်းကဏ္ဍကို လေ့လာကြည့်လျင် သိရှိရမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံတော်၏ သမ္မတကို ရွေးခြယ်ရာတွင် ပြည်သူများက တိုက်ရိုက်ရွေးခြယ်ရခြင်းမဟုတ်ဘဲ လွှတ်တော် ကိုယ်စားလှယ် များကတဆင့် ရွေးခြယ်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူက စစ်မှန်စွာ ရွေးခြယ်ပေးလိုက်သည့် ကိုယ်စားလှယ်များ ဖြစ်ရန်လိုအပ်မည် ဖြစ်ကြောင်း၊ ယခုရွေးကောက်ပွဲတွင် မဲစာရင်း များကြီးမားစွာ ကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည့် အတွက် ပြည်သူက စစ်မှန်စွာ ရွေးခြယ်ပေး လိုက်သည့် ကိုယ်စားလှယ်များဟု အပြည့်အဝ မှတ်ယူရန် ခဲယဉ်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် မဲစာရင်းများကို စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက် များထုတ်ပြန်ကာ မဲစာရင်းကွဲလွဲချက်များကို စစ်ဆေးပေး နိုင်ရေး တာဝန်ရှိသူများထံ အဆင့်ဆင့်တင်ပြခြင်း၊ ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်က စစ်မှန်ပြီး တရားမျှတသည့် ရွေးကောက်ပွဲရလဒ် ဖြစ်စေရေး မည်သို့ပင် ပြောဆိုခဲ့သော် လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏ အာဏာကို အတင်း အဓမ္မရယူရန်အထိ ကြိုးပမ်းလာမှုများကြောင့် ယခုအခြေအနေအထိ ရောက်ရှိခဲ့ရ ခြင်းဖြစ်သည့် အခြေအနေမှန်များကို အရာရှိ၊ စစ်သည်များအနေဖြင့် သိရှိရမည် ဖြစ် ကြောင်း။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက် နေရသည့် အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဦးစားပေး အနေဖြင့် မဲစာရင်းကွဲလွဲ နေမှုများကို အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါက ပေါင်းချုပ်စာရင်းများကို ဆက်လက် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း၊ ထို့နောက် COVID-19 ရောဂါကာကွယ်ရေးနှင့် ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို အမြန်ဆုံးကုစားပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။

ထို့ပြင် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တနေကြသည့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားအားလုံးပေါင်းစည်းနေထိုင်ကြသည့် ပြည် ထောင်စုနိုင်ငံတော ဖြစ်ပြီး တိုင်းရင်းသားအားလုံးတွင် တူညီသည့် အခွင့်အရေးများ ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း တိုင်းရင်းသားအားလုံး အခွင့်အရေး တန်းတူရှိသည်ကို အတိအလင်း ပြဌာန်ထားကြောင်း၊ ဒီမိုကရေစီစနစ်တွင် တူညီသည့် အခွင့်အရေးများ ရရှိကြသည် ဖြစ်သော်လည်း တူညီသည့် အရည်အချင်းရှိအောင် တစ်ဦးချင်း အလိုက် ကြိုးပမ်း အားထုတ်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိဒေသနှင့် တိုင်းပြည်ကို တိုးတက်စေလို သည့် စိတ်ဖြင့် မိမိသင်ခဲ့ရသည့် အတန်းပညာ၊ လေ့လာ ဆည်းပူးထားသည့် အသိပညာတို့ကို ပေါင်းစပ်ပြီး အကျိုးရှိအောင် အသုံးချနိုင်ရမည် ဖြစ်ကြောင်း။

အရာရှိ၊ စစ်သည်များအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက် မျှမပါဘဲ တပ်မတော်တွင်းသို့ ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့သူများဖြစ်သည်နှင့်အညီ မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိတာဝန်ထမ်းဆောင်နေသည့်တပ်ကို သစ္စာရှိရမည်၊ တပ်မတော်အပေါ် သစ္စာရှိရမည်၊ မိမိတိုင်းပြည်အပေါ်သစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများတွင် စစ်စည်းကမ်းကောင်းမွန်ရန် သင်ကြားပေးလိုက်ပြီးဖြစ်ပြီး မိမိတို့တပ်မတော်သားများအနေဖြင့် အရပ်ဘက်စည်းကမ်း၊ တပ်မတော်စည်းကမ်း နှစ်မျိုးလုံးကို လိုက်နာရသူများဖြစ်သဖြင့် စည်းကမ်းတကျ လိုက်နာဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက် ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ မိမိ တို့တစ်ဦးချင်းထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်မှုရှိရမည်ဖြစ်ပြီး စစ်သားတိုင်း စစ်မတိုက်ရသော်လည်း လိုအပ်ပါက တိုက်ပွဲဝင် နိုင်စွမ်းရှိအောင် လေ့ကျင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

တပ်မတော်သားများအနေဖြင့် ပြည်သူကြားကပေါက်ဖွားလာပြီး နိုင်ငံတစ်ဝန်းရှိ အနယ်နယ် အရပ်ရပ်မှ မိမိကျရာတာဝန်များကို လာရောက်တာဝန်ထမ်းဆောင်နေကြ သူများဖြစ်သကဲ့သို့ မိမိတို့၏ မိသားစုဝင်များသည်လည်း မိမိတို့နှင့်အတူတကွ တပ်တွင်း၌ လိုက်ပါနေထိုင်ကြသူများ ဖြစ်သည့်အတွက် အရာရှိ၊ စစ်သည်များ၊ မိသားစုများ အနေဖြင့် မိသားစုစိတ်ဓာတ်၊ ညီအစ်ကို မောင်နှမစိတ်ဓာတ်၊ ညီအမစိတ်ဓာတ်များဖြင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက် ကြရမည် ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင် ရာတွင် သတိတရား၊ အသိတရား လက်ကိုင်ထားပြီး ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် တိုင်းပြည်အပေါ် အမြဲ သစ္စာစောင့်သိပြီး တိုင်းပြည်လမ်းမှားမရောက်စေရေးအတွက် တစ်ဦးချင်း အသိစိတ် ဓာတ်ရှိစွာဖြင့် မှန်မှန်ကန်ကန်တာဝန်ထမ်းဆောင်ကြစေလိုကြောင်းဖြင့် မှာကြား သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူက တစ်ဦးက လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ် မိခင်နှင့်ကလေး ထောက်ပံ့ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်