Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ

နေပြည်တော် ဇွန် ၂၄
 
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဇွန် ၂၃ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား မော်စကိုမြို့ရှိ Turandot စားသောက်ဆိုင်တွင် တွေ့ဆုံ အမှာစကား ပြောကြားသည်။
 
နိုင်ငံ့ဝန်ထမ်းပီသာစွာဆောင်ရွက်
 
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် သံရုံး၊ စစ်သံရုံးတို့မှ မိသားစုဝင်များ ၊ ပညာတော်သင် သင်တန်းသားများ တက်ရောက်ကြသည်။
 
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံရပ်ခြားတွင် နိုင်ငံတော်၏ တာဝန်များကို အတူတကွ လာရောက် ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ စောင့်ရှောက်ကြရန် လိုအပ်သည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေ၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာမှုရှိစေရေးနှင့် စစ်မှန်ပြီး ရိုးသားမှုရှိသည့် ဒီမိုကရေစီ စနစ်ဖြစ်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောကြောင့် နှစ်နိုင်ငံ အကျိုးတူ စီးပွားရေးလုပ်ငန်း များ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှတဆင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်သည့် အခြေ အနေနှင့် မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုး စီးပွား တိုးတက်အောင် နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ရန်လိုအပ်သည့် အခြေအနေ များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
 
အမြဲမပြတ်လေ့လာအားထုတ်
 
ဆက်လက်ပြီး နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် သံတမန်ဆက်ဆံရေးသည် များစွာအရေး ပါသော ကြောင့် သံရုံး၊ စစ်သံရုံးများတွင် နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသူများ အနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအပြင် ပညာတော်သင် သင်တန်းသား များအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထား သင်ယူသွားကြရန် လိုအပ်ပြီး အမြဲမပြတ် လေ့လာအားထုတ် နေကြရမည်ဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံး ညီညွတ်စွာ နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြပြီး မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံး မိသားစုများအတွက် လက်ဆောင်ပစ္စည်းနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ သံမှူးကြီး ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့က လက်ခံရယူကြသည်။ ယင်းနောက် သံရုံး၊ စစ်သံရုံးမှ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
 
(သတင်းစဉ်)