Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Novosibirsk မြို့သို့ ရောက်ရှိ၊ Novosibirsk State Academic Opera and Ballet Theatre ၊ Higher Military Command School နှင့် Russian Academy of Science (Siberian Branch) များသို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် - ၂၇

 

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၂၆ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatarstan၊ Kazan လေဆိပ်မှ Novosibirskမြို့သို့ ထွက်ခွာကြရာ တာဝန်ရှိသူများက လေဆိပ်တွင် ပို့‌ဆောင်နှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Novosibirskမြို့၊ Tolmachevo လေဆိပ်သို့ ရောက်ရှိကြရာ Siberian ဒေသဒုတိယအုပ်ချုပ်ရေးမှူး Mr. Petuhov Yuri Frogravich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် Novosibirskမြို့၊ Metro စနစ်တွင် ဘူတာရုံ ၁၃ ခု ရှိသည့်အနက် တစ်ခုအပါအဝင်ဖြစ်သော ၁၉၉၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည့် Polschad Marksa ဘူတာသို့ ရောက်ရှိကြပြီး ၎င်းဘူတာမှ Lenin Square ဘူတာအထိ မြေအောက် ရထားစီးနင်းလိုက်ပါခဲ့၍ မြေအောက်ရထား စနစ်များ၊ ဘူတာရုံများအား ကြည့်ရှုလေ့လာ ကြသည်။

ကမ္ဘာ့အကြီးဆုံးပြဇတ်ရုံ

ယင်းနောက် ခေတ္တတည်းခိုမည့် Marriott Hotel အနီးရှိ ရှေးဟောင်းသမိုင်းဝင် Novosibirsk State Academic Opera and Ballet Theatre သို့ ရောက်ရှိ လေ့လာကြရာ ပြဇာတ်ရုံ အုပ်ချုပ်ရေးအဖွဲ့အကြံပေး Mr. Vroskly Valen Arkagievich က ပြဇာတ်ရုံ ကို ၁၉၃၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ် မေလ ၁၂ နေ့တွင် ဖွင့်ပွဲပြုလုပ်ခဲ့သည့် အခြေအနေများ၊ ၁၉၄၁ ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထား ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေသည့်အတွက် ၁၉၄၅ ခုနှစ် မေလ ၉ ရက်နေ့ စစ်ကြီးပြီးဆုံးသည့်နောက်ပိုင်းတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ပြဇာတ် ရုံများ အနက်တစ်ခုဖြစ်ကာ ရုရှားနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် အခြေအနေများနှင့် ပြဇာတ်ရုံဆိုင်ရာ အချက်အလက်များအား လိုက်လံရှင်းလင်းပြသခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

 

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Higher Military Command School သွားရောက် လေ့လာကြည့်ရှုကြရာ ကျောင်းအုပ်ကြီး Colonel Markochin Segeri Gregorivich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်တာဝန် ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းဆုတံဆိပ်ရရှိသူများကို ဂုဏ်ပြုထားသည့် သူရဲကောင်းရုပ်တုများအား ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုပြီး လေ့လာ ကြည့်ရှုကြသည်။

လိုက်လံကြည့်ရှုလေ့လာ

ထို့နောက် ကျောင်းခန်းမတွင် ကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက်ပေးပြီး ကျောင်းအုပ်ကြီးက ကျောင်းသမိုင်းအကျဉ်းနှင့် ကျောင်းမှ သင်ကြား ပေးလျက်ရှိသည့် ဘာသာရပ်များ၊ ပြည်ပမှသင်တန်းသားများ လာရောက်သင်ကြား နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းအတွင်း လှည့်လည်၍ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးနှင့် လုံခြုံရေး ပင်မ စာသင်ဆောင်၊  ကျောင်းပြခန်းများ၊ သင်ကြားမှု၊ သင်ယူမှု အထောက်အကူ ပစ္စည်းများ၊ နိုင်ငံတကာမှ စစ်ဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းပြခန်းများ၊ သင်တန်းသား များ ကိုယ်တိုင်တီထွင်ထားရှိသည့် ကင်းထောက်ခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ရေငုပ်သင်ခန်းစာသင်ကြားမှုသင်တန်းခန်းမနှင့် လက်နက်ငယ်ပစ်ခတ်မှု Simulator ခန်းမတို့ရှိ သင်တန်းသားများ လေ့ကျင့်နေမှုတို့ကို လိုက်လံကြည့် ရှုလေ့လာကြရာ ပြခန်းများ အလိုက်တာဝန်ရှိသူများကရှင်းလင်းပြသကြသည်။ လက်နက်ငယ်ပစ်ခတ်မှု Simulator ခန်းမသို့ ရောက်ရှိစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အမျိုးသမီးအရာရှိများသည် ကိုယ်တိုင်လက်တွေ့ စမ်းသပ်ပစ်ခတ်ခဲ့ကြသည်။

 

ထို့ပြင်  သင်တန်းတက်ရောက်လျက်ရှိကြသည့် နိုင်ငံအသီးသီးမှ ထူးချွန်သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြ သည်။

လက်တွေ့ရှင်းလင်းပစ်ခတ်ပြသ

ဆက်လက်ပြီး Higher Military Command School အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြပြီး လက်တွေ့ပစ်ခတ်မှု စက်ပစ်ကွင်းသို့ ရောက်ရှိလေ့လာကြည့်ရှု ကြသည်။ ထိုသို့လေ့လာစဉ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများက လက်နက်ငယ်နှင့် စနိုက်ပါ အမျိုးအစားမျိုးစုံတို့ကို လက်တွေ့ ရှင်းလင်းပစ်ခတ်ပြသခြင်းများ ပြုလုပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အမျိုးသမီးအရာရှိများသည် ကိုယ်တိုင်ပါဝင်လက်တွေ့စမ်းသပ် ပစ်ခတ်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကျောင်းအုပ်ကြီးတို့သည် ကျောင်းခန်းမတွင် အပြန်အလှန်ဆွေးနွေးကြပြီး အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

 

သင်ကြားလေ့ကျင့်ပေးလျက်ရှိ

 

Novosibirsk Academgorodok ဒေသတွင်ရှိသော Novosibirsk Higher Military Command School ကို ၁၉၇၆ ခုနှစ်တွင် Novosibirsk Higher Military Political School-NVVPOU အဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု သိပ္ပံအကယ်ဒမီ၏ ရူပဗေဒနှင့် သင်္ချာပညာရပ်များကို အခြေခံသင်ကြားပေးသည့် ဆိုက်ဘေးရီယားဌာနခွဲဖြစ်ကြောင်း၊ ၁၉၈၀ ပြည့်နှစ်ကာလများတွင် နိုင်ငံအတွင်း အကြီးမားဆုံးသော စစ်ဘက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်းဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ရုရားဖက်ဒရေးရှင်းနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အကယ်ဒမီဌာနခွဲ တစ်ခုဖြစ်လာခဲ့ကြောင်း၊ သင်တန်းသားများကို တိုက်ပွဲဝင်အသင့်ဖြစ်စေရန် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များအတွက် အုပ်ချုပ်ထောက်ပံ့မှု၊ စစ်ဆင်ရေး စီမံခန့်ခွဲမှု၊ လက်နက်အမျိုးမျိုး ပစ်ခတ်လေ့ကျင့်မှုနှင့် စစ်သုံးယာဉ်များ မောင်းနှင်ရေး သင်ခန်းစာများကို သင်ကြားပေးလျက်ရှိသည့်အပြင် လေကြောင်းချီ လေ့ကျင့်မှုများ၊ တောင်ပေါ် ချီတက်လေ့ကျင့်မှုများ၊ လေထီးခုန်ခြင်း၊ မြေပြင်နှင့် ရေအောက်တွင် တိတ်ဆိတ်စွာ ချီတက် တိုက်ခိုက်ခြင်းသင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စေရန် သင်ကြား လေ့ကျင့် ပေးလျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အဆိုပါ တက္ကသိုလ်သည် သင်ကြားရေးနှင့် စီမံ ခန့်ခွဲမှု အပိုင်းတွင် တက္ကသိုလ်ကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ စီမံဆောင်ရွက် ခွင့်ရရှိခဲ့ပြီး Novosibirsk Higher Military Command School ဟု လူသိများလာခဲ့ကြောင်း သိရှိရသည်။

 

ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Russian Academy of Science (Siberian Branch)သို့ ရောက်ရှိလေ့လာကြရာ Vice-Chairman, Academician Dr. Vasily M. FOMIN ဦးဆောင်သော သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး အစည်းအဝေးခန်းမတွင် သိပ္ပံနှင့်နည်းပညာရပ်ဆိုင်ရာများ၊ သုတေ သန လုပ်ငန်းများနှင့် အခြားပညာရပ်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာရေး သင်ကြားပို့ချပေးနေမှု အခြေအနေ များနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် ရုရှားသိပ္ပံအကယ်ဒမီတို့အကြား သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးတွဲသုတေ သနပြုလုပ်ရေးနှင့် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာများကို ရှင်းလင်း ပြောကြား သည်။  ရှင်းလင်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ရုရှား နိုင်ငံ တွင် ပညာသင်ယူခဲ့သည့် Doctor of Science ဘွဲ့ရရှိထားသူများ၊ Ph.D ဘွဲ့ရရှိ ထားသူများနှင့် ရုရှားစစ်ဘက်ဆိုင်ရာအင်ဂျင်နီယာ ဗိုလ်လောင်းသင်တန်းကျောင်း ဆင်း အရာရှိများကို  မိတ်ဆက်ပေးသည်။

 

ယင်းနောက် သိပ္ပံနှင့်နည်းပညာ ဘာသာရပ်အလိုက် သုတေသနတွေ့ရှိချက် ဆိုင်ရာပြခန်းများ၊ ဓါတုဗေဒ၊ ရူပဗေဒ၊  အသုံးချသင်္ချာနှင့် သတင်းအချက်အလက် နည်းပညာဘာသာရပ်၊ ဇီဝဗေဒ၊ Nano နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများ၊ ဘူမိဗေဒ ဆိုင်ရာဖော်ထုတ် တွေ့ရှိချက်များ၊ ခေတ်အလိုက် ရုရှားသိပ္ပံပညာရှင်များ ရေးသားပြုစုခဲ့သည့် သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်စာ တမ်းများကို Vice-Chairman, Academician Dr. Vasily M. FOMIN ဦးဆောင်သော သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။ ရှင်းလင်းပြသမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလို သည်များကို ပြန်လည်မေးမြန်ဆွေးနွေးခဲ့သည်။

 

အမှတ်တရစုပေါင်းဓာတ်ပုံရိုက်

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး Acade-mician Dr. Vasily M. FOMIN နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြကာ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် တပ်မ ၄၁ ယာယီတပ်မမှူး Col Perepelisa Vladimir Angrevich နှင့် Novosibirsk ဒုတိယမြို့တော်ဝန်တို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည် စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။ နေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း Novosibirsk  တပ်နယ်ကိုယ်စားပြုတေးဂီတနှင့် အနုပညာရှင်အဖွဲ့က ရိုးရာတေးသီချင်း၊ အကအလှများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းနှင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

 

သတင်းစဉ်