Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်း အဝေးပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး

နေပြည်တော်၊ ဇူလိုင် ၂၆

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြ သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များ အချိန်နှင့် တပြေးညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ဆုံးဖြတ်ချက်များကို သွက်လက်မြန်ဆန်စွာချမှတ်ပြီး ကူးစက် ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေး၊ လိုအပ်သည်မှန်သမျှကို လုပ်ဆောင်ပေးနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေး များကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက် အထိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၁၉၄ သန်း ကျော်ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံ၌ ၂၆၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ဇူလိုင်လအတွင်း ရက်အလိုက်ကြည့်မည်ဆိုပါက ကူးစက်ဖြစ်ပွားမှုလျော့ ကျလာသည် ဆိုသော်လည်း သွားလာမှုများကို ကန့်သတ်ထိန်းချုပ်ထား နိုင်မှသာလျှင် ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းနှင့် မလိုအပ်ဘဲ သွားလာမှုများမပြုလုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောက်ရှိလာသည့် ကာကွယ်ဆေးများကို ဦးစားပေး သတ်မှတ်ချက်များအ လိုက် အမြန်ဆုံးထိုးနှံပေးနိုင်ရေး ထိရောက်မြန်ဆန်စွာ ဆောင် ရွက်ရန် ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင်း၌ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေမှုများကို အမြန်ဆုံးအကောင်အထည်ဖော်ပြီး ကာကွယ်ဆေး ထုတ်လုပ် နိုင်ရေး ကြိုးပမ်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် အခြားအိမ်သုံးအခြေခံ ဆေးပစ္စည်းများ ရောင်းချသည့် အချို့သောဆေးပစ္စည်းဆိုင်များသည် ဈေးနှုန်းတင် ရောင်းချခြင်း၊ သိုလှောင်ပြီး ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်စေရန် ဆိုင်ပိတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တွင် ဆေးပစ္စည်းရောင်းချမှုများနှင့် ပတ်သက်၍ စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက် ကြပ်မတ်ပေးရန်လိုကြောင်း၊ အစိုးရအနေဖြင့် လိုအပ်နေသည့် ဆေးပစ္စည်းများကို ပြည်ပမှတစ်ဆင့် တင်သွင်းခွင့်ပြုပေးထားပြီး ဆေးဝါးတင်သွင်းမှုနှင့် ပတ်သက် လာပါက မည်သည့် ကန့်သတ်ချက်မျှပေးထားခြင်းမရှိကြောင်း၊ တိုက်ရိုက်စီမံခန့်ခွဲ သူများ၏ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုများဖြင့် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးရန် လိုအပ်သောကြောင့် သက်ဆိုင်ရာနယ်မြေအသီးသီးရှိတာဝန်ရှိ သူများအနေဖြင့်လည်း မျက်ခြည်မပြတ်စောင့်ကြည့်၍ အလေးထားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဆေး ပစ္စည်းများနှင့် ပတ်သက်လာပါက ပြည်သူ့လက်ဝယ်သို့ မြန်မြန်ဆန်ဆန်ရောက်ရှိ ရမည်ဖြစ်ကြောင်း၊ ဆေးပစ္စည်းတင်သွင်းမှု ထိရောက်မြန်ဆန်စေရေး One-stop-service များလည်း ပြုလုပ်ပေးထားပြီးဖြစ်သဖြင့် ဆေးပစ္စည်းများနှင့်ပတ်သက်လာ ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများ၊ ဝန်ကြီးဌာနများက အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ပေးကြ ရန်လိုအပ်မည် ဖြစ်ကြောင်း။

ဆေးရုံ၊ ဆေးခန်းများသို့ လာရောက်ပြသသောသူများကို ၎င်းတို့၏ ကျန်းမာရေး အခြေအနေ စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ ဆေးရုံတက်ကုသမှုခံယူရန် လိုအပ်မှု ရှိ၊ မရှိ ဆုံးဖြတ်ကြရပြီး ယင်းသို့ဆုံးဖြတ်ရာတွင် စီမံခန့်ခွဲမှုနည်းလမ်း အရကူညီဆောင်ရွက်နိုင်ရေးနှင့် မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကုသမှုပေးရန်လိုအပ်နေသည့်သူများကို မဖြစ်မနေကုသမှုလုပ် ဆောင်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးဝန်ထမ်းများသာမက အခြားဌာနဆိုင်ရာများမှ လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ် ကောင်စီ အသီးသီးက သင့်တော်သလို တာဝန်ခွဲဝေဆောင်ရွက်ပေးရန်လိုကြောင်း၊ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းအပေါ်မူ တည်၍ လုပ်ငန်းအောင်မြင်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက်များရှိသည်ဟု ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ လိုအပ် သည့် နေရာများကို စနစ်တကျ ဖြန့်ခွဲပေးရန် စီမံခန့်ခွဲမှုအပိုင်းအားနည်းခြင်းများ ရှိနိုင်သဖြင့် အောက်ဆီဂျင် ထုတ်လုပ်မှု၊ မှာယူတင်သွင်းမှု၊ ဖြန့်ခွဲမှု တို့ကို စနစ်တကျ ဖြစ်စေရေး စီမံဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။

ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးတွင် အခက်အခဲများရင် ဆိုင်ရ လျက်ရှိပြီး ကုန်ထုတ်လုပ်မှုကိစ္စရပ်များနှင့်ပတ် သက်၍ စား၍ ကုန်သည့် ပစ္စည်း၊ သုံး၍ ကုန်သည့် ပစ္စည်း၊ သောက်၍ကုန်သည့် ပစ္စည်း စသည့် စားသောက်သုံးကုန် ပစ္စည်းများ ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကန့်သတ်မှုများပြုလုပ်မထားကြောင်း၊ စားရေးသည် အဓိကဖြစ်ပြီး အခက်အခဲမရှိအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ individual လုပ်ကိုင်သည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အဆက်မပြတ်လုပ် ကိုင်ကြရန်လို ကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် ပတ်သက်သည့် လိုက်နာရမည့် အသိပေးချက်၊ သတိပေးချက်များကိုလည်း ပြည်သူများ သိရှိစေရန်၊ လိုက်နာစေရန် မကြာခဏ ပြောဆိုသတိပေးနေရန်လိုအပ်မည်ဖြစ်ကြောင်း။

လက်ရှိမိုးရာသီတွင် တစ်နိုင်ငံလုံး မိုးရွာသွန်းမှုအားကောင်းလျက်ရှိပြီး တစ်ဖက် က စိုက်ပျိုးရေးလုပ်ငန်းအားကောင်းနိုင်သကဲ့သို့ တစ်ဖက်ကလည်း မိုးရွာသွန်းမှု ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများအတွက် ကြိုတင်မျှော်တွေး ပြင်ဆင် ထားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုအဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်၍လည်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အတွက် ဝယ်ယူထားရှိသည့် ပစ္စည်းများကို လက်တွေ့ကျကျအသုံးချကြရန်လို အပ်မည် ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကာကွယ်ဆေးထိုးနှံရေး၊ စိုးရိမ်ကြောင့်ကြမှုများကို ဖြေလျော့ရန် စီမံဆောင်ရွက်ပေးနိုင်ရေး၊ သဘာဝဘေးအန္တရာယ် များကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးစသည့် အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် “အဓိကကတော့ ဖြစ်ပွားမှုနှုန်းက အရေအတွက်အားဖြင့် လျော့တာ ပေါ့၊ သို့သော်လည်း ဒါ စိတ်ချရတဲ့အနေအထား မရှိသေးဘူးဆိုတာ ကျွန်တော်ပြောလို ပါတယ်၊ ဒါနံပါတ်တစ်အချက်ပေါ့။ နံပါတ်(၂) အချက်ကတော့ ကာကွယ်ဆေးနဲ့ ပတ်သတ်လို့ ထိုးဖို့အတွက်က မြန်မြန်ဆန်ဆန်ထိုးဖို့လိုပါတယ်။ ဒီဆေးထိုးရေးကို တာဝန်ပေးမယ့်ပုဂ္ဂိုလ်များကိုလည်း သူတို့ ဆောင်ရွက်နိုင်အောင် ကူညီပေးဖို့လိုပါ တယ်။ နောက်တစ်ခုကတော့ ဆေးများနဲ့ ပတ်သက်ပြီး စိုးရွံ့ကြောင့်ကြ မှုရှိပြီးတော့မှ ဆေးဆိုင်တွေမှာ ထိန်းသိမ်းထားတာတွေ ပိတ်ထားတာတွေ ဒါမျိုးမဖြစ်အောင်လို့ လည်း စီမံခန့်ခွဲမှုလမ်းကြောင်းက နေပြီးတော့ သူတို့ကိုလည်း ဆေးဆိုင်တွေ ဖွင့်ရောင်း ဖို့ရယ် ထိုက်သင့်တဲ့တန်ဖိုးနဲ့ ရောင်းဖို့ရယ် ဒါတွေကို အသိစိတ်ဓာတ်ရှိရှိ လုပ်ပေးဖို့ပဲ ပြောလိုတယ်။ နောက်ဆုံးကတော့ ဒီသဘာ၀ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ဆိုရင် တော့ သဘာ၀ဘေးအန္တရာယ်တွေကို ဒါကြိုတင် တွက်ပြီးတော့လည်း လုပ်ပါ။ ဖြစ်မှလုပ်ပါမဟုတ်ဘူး ကြိုတင်ပြီးတော့ စဉ်းစားပြီး တော့မှ ဒီနေရာတွေ ဒီနေရာတွေ တော့ အရင်ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေရှိတယ်၊ ဒီနေရာ ဒီနေရာကတော့ ဖြစ်တတ်တဲ့ သာဓကတွေရှိတယ်၊ ဒါကြောင့် စီမံခန့်ခွဲ ရေးနည်းလမ်းနဲ့ ကြိုတင်ပြီးတော့ ဆောင်ရွက် သွားမယ်ဆိုရင်တော့ ဖြစ်ပွားမယ်အချိန်မှာ ကျွန်တော်တို့ ခံရမယ့် ဒဏ်ကတော့ လျော့သွားတာပေါ့။ ဒါကြီးက ကျွန်တော်တို့တားလို့ဆီးလို့လည်း ရတာမဟုတ်ပါဘူး။ တားလို့ဆီး လို့ မရတာကြောင့် ဖြစ်ပွားမယ့်ဟာကတော့ အပျက်အစီးပိုနည်း သွားမယ့် သဘောရှိတယ် ဒါကိုလည်း ကြိုတင်စဉ်းစားပြီးဆောင်ရွက်သွားကြပါလို့ ကျွန်တော် အဖွင့်အနေနဲ့ ပြောလိုပါတယ်” ဟု ပြောသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများ က ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေများနှင့် မြန်မာ နိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုအခြေအနေ၊ Test Center များ တိုးချဲ့ဖွင့်လှစ်၍ ယနေ့မှစတင်ကာ လူစုလူဝေးဖြစ်ပွားမှုမရှိစေရေး စနစ်တကျ ကြပ်မတ်၍ စစ်ဆေး ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ ထွက်ပေါ်လာသည့် စစ်ဆေးချက်အဖြေများ အပေါ်မူတည်၍ သက်ဆိုင်ရာ Center အသီးသီးသို့ လူနာတင် ယာဉ်များနှင့် ပို့ဆောင် နိုင်ရေးစီမံဆောင်ရွက်ထားရှိမှု အခြေအနေ၊ စစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင်ခြင်းကြောင့် အတည်ပြုလူနာများ ပိုမိုများပြားလာနိုင်ပြီး ၎င်းတို့အား ထားရှိရန်အတွက် Centerများ တိုးချဲ့တည်ဆောက်ခြင်း၊ အောက်ဆီဂျင် လိုအပ် ချက်ဖြစ်ပေါ်မှုမရှိစေရေး အတွက် ဆောက်ရွက်လျက်ရှိသည့်အခြေအနေ၊ ရောက်ရှိလာသည့်ကာကွယ်ဆေး များကို ယနေ့တွင် စတင်ထိုးနှံပေးနေမှု အခြေအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး သို့ မော်တော်ယာဉ်၊ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ကာကွယ်ဆေး ထိုးနှံရေးအတွက် နယ်ပယ် ၁၂ ခု သတ်မှတ်ထားပြီး နယ်ပယ်များအလိုက် ဦးစားပေး ထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိသည့်အခြေအနေ၊ ကာကွယ်ဆေး ထိုးနှံရန်အတွက် SOP များ ရေးဆွဲ၍ စနစ်တကျထိုးနှံရေး၊ မှတ်တမ်းတင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးဝါးများ၊ အောက်ဆီဂျင်များနှင့် အထောက်အကူပြုဆေးပစ္စည်းများကို အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ဆက်လက်၍ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှတစ်ဆင့် ထပ်မံဝင်ရောက်လာမည့် အခြေ အနေ၊ အများပြည်သူ ရုံးပိတ်ရက်ကာလအတွင်း ဘဏ်များ ဖွင့်လှစ်၍ ပင်စင်လစာ နှင့် လစာငွေများ လွယ်ကူချောမွေ့စွာထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးနေသည့် အခြေ အနေ၊ ယနေ့မှစ၍ Stock Exchange ရောင်းချမှုအား Online မှတစ်ဆင့် ဆောင်ရွက် နေသည့် အခြေအနေ၊ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းများထုတ်လွှင့်မှု၊ အသိပညာပေးအစီအစဉ်များကို တိုင်းရင်းသား ဘာသာများ ဖြင့်ပါ ကျယ်ပြန့်စွာဆောင်ရွက်နေမှုအခြေအနေ၊ ဆိပ်ကမ်းအသီးသီးတွင် ထုတ်ယူရန် ကျန်ရှိသည့် ဆေးဝါး များနှင့်ပတ်သက်၍ အမြန်ဆုံးလာရောက် ထုတ်ယူ၍ ပြည်သူလူထု အတွင်းသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားမည့်အခြေ အနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် လူနေထူထပ်သည့် ဒေသနှင့် မြို့နယ်များကိုလည်း အလေးထား၍ ဂရုပြုစောင့်ကြည့်သွားရန်လိုအပ် ကြောင်း၊ အောက်ဆီဂျင် လိုအပ်ချက် ဖြစ်ပေါ်လာမှုမရှိစေရေးအတွက် မျက်ခြည်မပြတ် စောင့်ကြည့်၍ လျင်မြန်စွာဖြည့် ဆည်းဆောင်ရွက်နိုင်ရေး ဌာနများအလိုက် ချိတ်ဆက်ဆောင်ရွက် ထားရန် လိုအပ် ကြောင်း၊ အောက်ဆီဂျင်ရနိုင်သည့် အရင်းအမြစ်နေရာများမှ နီးစပ်သည့်ဒေသ အသီးသီး သို့ လျင်မြန်စွာပို့ဆောင် ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ် ကြောင်း၊ ကာကွယ်ဆေးများထိုးနှံရာတွင် လိုအပ်လျက်ရှိသည့် တပ်ဘက်၊ အရပ်ဘက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများအား ချိတ်ဆက်၍ ဖြည့်ဆည်းဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် နယ်ပယ်အလိုက် ဦးစားပေး အဆင့်အတိုင်း အချိန်မီထိုးနှံပေးရန်လိုအပ်ကြောင်း၊ အိန္ဒိယနိုင်ငံမှ မှာယူထားသည့် ကာကွယ်ဆေးများကို လျင်မြန်စွာရရှိရေး ချိတ်ဆက် ဆောင်ရွက်သွားရန်လိုအပ်ပြီး အခြားပြည်ပနိုင်ငံများမှ မှာယူမှုများကိုလည်း စဉ်ဆက် မပြတ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများအား ဖြန့်ခွဲ၍ တာဝန် ပေးအပ်သွားရန်နှင့် စနစ်တကျစာရင်းပြုစုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆိပ်ကမ်း များနှင့် လေဆိပ်များသို့ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသ ရေးဆေးပစ္စည်းနှင့် အခြားအခြေခံအိမ်သုံးဆေးဝါးများအား အမြန်ဆုံးထုတ်ယူစေ၍ ပြည်သူလူထု လက်ဝယ်သို့ သင့်လျော်သည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို လျှော့ချပေး နိုင်ရေးအတွက် Center များကို အဆင့်မြှင့်တင်ကုသနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စားသောက်နေထိုင် ရေး လိုအပ်သည့် ကိစ္စရပ်များကိုလည်း ကောင်စီများအလိုက်ဖြည့်ဆည်း ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ လက်ရှိကာလအတွင်း အောက်ဆီဂျင်လိုအပ်မှုကို အဆက် မပြတ် ဖြည့်ဆည်းနိုင်ရေးအတွက် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူ များက မျက်ခြည်မပြတ် စောင့်ကြည့်၍ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဖြည့်စွက် ပြောကြားရာတွင် “အထူးသဖြင့် ကျွန်တော်ပြောချင်တာက ရန်ကုန်တိုင်းပါပဲ၊ ရန်ကုန် တိုင်းက အခု သေဆုံးမှုကလည်း အများဆုံးဖြစ်ပါတယ်။ လူဉီးရေလည်း အများဆုံး ဖြစ်တယ်၊ သိပ်သည်းမှုလည်းများတယ်၊ ဒါမနေ့ကအထိ ကျွန်တော်တို့စာရင်း ရထား တာ၊ ဒါအများဆုံး။ ဒုတိယကတော့ မန္တလေးတိုင်း၊ အများဆုံးဖြစ်တယ်။ သို့သော် ဒီလိုပြောလို့ စိတ်ပူစရာတော့မဟုတ်ပါဘူး၊ စိတ်ပူဖို့ပြောတာလည်း မဟုတ်ဘူး၊ သို့သော် နည်းနည်းပိုဂရုစိုက်ဖို့လိုတယ်။ အဲဒီတော့ အောက်စီဂျင်လိုလို့ရှိရင်လည်း အောက်စီဂျင်ကို Density များတဲ့အတွက်ကြောင့် သူက များများပေးဖို့လိုတယ် ဖြည့်ဆည်းပေးဖို့လို တာပေါ့နော်။ အဲဒီတော့ ဆေးရုံတွေဆို လူကြပ်တယ်လို့ ပြောတာ ပေါ့၊ ဉပမာ-ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ဆေးရုံကြီး ဒါလူတွေကြပ်တယ် လို့ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့က ဆေးရုံမှာ လက်မခံနိုင်ဘူးဆိုရင် ဆေးရုံကဲ့သို့ လုပ်နိုင်တဲ့နေရာမျိုးရအောင် ဖန်တီးပေးဖို့ ကြားမှာယာယီဖန်တီး ပေးရမယ်၊ ကျွန်တော်တို့ Quarantine စင်တာတွေလုပ်ပေးထားတာတွေရှိ တယ်။ ဒါနဲ့ပတ်သက်ပြီး တော့ စင်တာဖွင့်ရုံနဲ့မရဘူး ကျန်းမာရေးဆိုင်ရာဝန် ထမ်းတွေ ထားရမယ့်ဟာတွေရှိ တယ်။ Quarantine စင်တာရယ် နောက်တစ်ခါ Positive လူနာတွေထားမယ့်နေရာရယ် ကုသရေးစင်တာထားမယ့် နေရာ၊ ကုသရေးစင်တာကတော့ ဒါမဖြစ်မနေ ဆရာဝန် တွေထားရမှာပေါ့။ အမြင့်ဆုံးကတော့ ကုသရေးစင်တာပဲ အဓိက Density များတဲ့ ရန်ကုန်တိုင်းလို မန္တလေးတိုင်း လိုဟာမျိုးမှာ ဒီကုသရေးနဲ့ ပတ်သက်ပြီးတော့ စင်တာနဲ့ ပတ်သက်ပြီးတော့ ဒီထက် တိုးချဲ့ လို့ရမယ်ဆိုရင် တိုးချဲ့မယ်။ တစ်ဘက်ကလည်း လူထပ်ပေးဖို့လိုလို့ရှိရင် ထပ်ပြီးမျှရမယ့် သဘောရှိတယ် အဲဒါကို Realtime လုပ်ပါ။ ဟိုတင်ပြ ဒီတင်ပြတာ တွေက ကြာပါတယ်။ ချက်ချင်းဆုံးဖြတ်ပြီး ချက်ချင်း အရေးယူ ဆောင်ရွက်တာ ကောင်းပါတယ်၊ အဲဒါလေးလုပ်ပေးပါလို့ ကျွန်တော်ကတော့ အကြံပြု လိုပါတယ်” ဟု ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရောဂါကာကွယ်ကုသထိန်းချုပ်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် ရောက်ရှိနေသည့် မိမိတို့မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိရန်ရှိသည်ဟု သတင်းများ ရရှိခဲ့ကြောင်း၊ ပြည်ပသို့ရောက်ရှိပြီး အခက်အခဲများ ဖြစ်ပေါ်နေသည့် မိမိ တို့နိုင်ငံသားများအား မည်သို့ပင် အခက်အခဲရှိသည်ဖြစ်စေ ပြန်လည်ရောက်ရှိအောင် ခေါ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဂိတ် များမှ ဝင်ရောက်လာမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်၍ လက်ခံနိုင်ရေး ဆောင်ရွက်ပေး ရမည်ဖြစ်ပြီး ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

ဆေးဝါးတင်သွင်းနေရမှုများနှင့် ပတ်သက်၍ ပြည်တွင်း၌ လိုအပ်သည့် အခြေခံ အိမ်သုံးဆေးဝါးများကို မိမိတို့ ပြည်တွင်း၌ပင် ထုတ်လုပ်သုံးစွဲနိုင်ရေး လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် အများသုံးဆေးဝါးများကို ပြည်ပ မှ တင်သွင်းနေရမှုများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံရှိ စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံ များတွင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုများကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး စွမ်းရည်မြင့်သည့် ဆေးဝါးများကို ထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်း။

စားသောက်ကုန်နှင့်ပတ်သက်ပြီး ကုန်ဈေးနှုန်းတက်ခြင်းများကို တစ်ကမ္ဘာလုံး တွင်တွေ့ကြုံရလျက်ရှိသည်မှာ သဘာဝပင်ဖြစ်သော်လည်း သဘာဝမကျသည့် ကုန် ဈေးနှုန်းကြီးမြင့်မှုများဖြစ်လာ၍ မရကြောင်း၊ Supply နှင့် Demand မမျှပါက ကုန်ဈေး နှုန်းတက်မည်ဖြစ်ပြီး ကုန်ကြမ်းများ ဈေးမတက်စေရေး၊ သယ်ယူပို့ဆောင်ရေးစရိတ် များ မကြီးမြင့်စေရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက် ၍ အစာဈေးနှုန်းကြီးမြင့်မှုမရှိအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

သွားလာမှုနှင့် ပတ်သက်၍ ကန့်သတ်ချက်များလုပ်ဆောင်ထားသည်ဖြစ်သော် လည်း မဖြစ်မနေသွားလာရန်လိုအပ်သည်များကို ခွင့်ပြုပေးထားကြောင်း၊ တစ်မြို့နှင့် တစ်မြို့ ကုန်စည်စီးဆင်းမှု၊ ကူးသန်းသွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ မပြတ် တောက်အောင်လုပ်ဆောင်ကြရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်ဖြစ် သော်လည်း ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည် ဖြစ်ကြောင်း ဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)