Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နှင့် ဘူတာကြီးတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၁၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေး စက်ရုံ(နေပြည်တော်)နှင့် ဘူတာ ကြီးတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းနှင့် စက်ရုံမှူး ဦးမြင့်နိုင်တို့က မြန်မာ့မီးရထား၏ နောက်ခံသမိုင်းအကျဉ်းနှင့် လုပ်ငန်းတာဝန်များ၊ စက်ရုံများနှင့် ဌာနများအလိုက် ဝန်ထမ်းများ ခန့်အပ်ထားမှု အခြေအနေများ၊ နိုင်ငံတစ်ဝန်းမီးရထားများ ပြေးဆွဲနေမှု အခြေအနေများနှင့် တိုးချဲ့ပြေးဆွဲမည့် အခြေအနေများ၊ မီးရထားလမ်းများ တိုးချဲ့ဖောက်လုပ်နေမှုအခြေအနေများ၊ မီးရထား လူစီးတွဲနှင့် ကုန်တွဲအသစ်များ တည်ဆောက်ခဲ့မှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများ၊ စက်ခေါင်းများ ပြုပြင်ထိန်းသိမ်းမှုနှင့် မီးရထားလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ(နေပြည်တော်) သမိုင်းကြောင်းနှင့် မီးရထားပြတိုက်တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ၂၀၂၁ ခုနှစ် မေလ ၁၈ ရက်တွင် မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရောက်ရှိ စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

ရေရှည်အတွက် ဦးစားပေးစဉ်းစား

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံ၏ပို့ဆောင်ရေး လုပ်ငန်းများတွင် ရထားပို့ဆောင်ရေး လုပ်ငန်းသည် နိုင်ငံအားများစွာ အထောက်အကူပြုသည့် သယ်ယူပို့ဆောင်ရေး စနစ်ပင်ဖြစ်ကြောင်း၊ မီးရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် အဓိကဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းတစ်ခုချင်း အလိုက် တိုင်းတာစစ်ဆေးရန်လိုကြောင်း၊ မီးရထားလမ်းများ ကောင်းမွန်ခြင်း မရှိပါက ရထားတွဲများ ပျက်ဆီးစေပြီး ခရီးသွားလာမှုကို ကြန့်ကြာမှု ဖြစ်ပေါ်စေသဖြင့် လမ်းများ ကောင်းမွန်စေရေး ရထားလမ်းများအား ထိန်းသိမ်း ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာ လိုက်နာ၍ ရေရှည်အတွက် ဦးစားပေးစဉ်းစား ဆောင်ရွက်ရန် လိုကြောင်း၊ ရန်ကုန်-ပြည် မီးရထား လမ်းသည် ပထမဆုံးဖွင့်လှစ်ခဲ့သည့် မီးရထားလမ်းဖြစ်ပြီး အဆင့်မြှင့်တင်ကာ လျှပ်စစ်ရထားလမ်းများအထိ မျှော်မှန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ချက်ခြင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်မဟုတ်သော်လည်း ရေရှည်အတွက် စီမံချက်ချ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မြစ်ကူးမီးရထားတံတား ဖောက်လုပ်ရာတွင် ယခင်က မှားယွင်းစွာဖောက်လုပ်ခဲ့သည့် ဒီဇိုင်းအမှားများအပေါ်သင်ခန်းစာယူ၍ ဘေးချင်းယှဉ် လျက်သော်လည်းကောင်း၊ အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံဖြင့် သော်လည်းကောင်း ဖောက်လုပ်နိုင်ရေး စဉ်းစားလုပ်ဆောင်ကြရန်လိုကြောင်း။

အဆင့်မြှင့်တင်နိုင်ရေးကြိုးပမ်း

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အသုံးပြုရန် ပြန်လည်ပြုပြင်မည့် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများ မောင်းနှင်ရာတွင် ကျောက်မီးသွေးကို အသုံးပြုမောင်းနှင်ရန်နှင့် အရည်အသွေး ကောင်းမွန်သည့် ကျောက်မီးသွေးများကို အသုံးပြုရမည်ဖြစ်ကြောင်း၊ မီးရထားလမ်းများအနေဖြင့် လမ်းကောင်းရန်နှင့် လမ်းတစ်လျှောက် ရထားစီးခရီးသည်များ မျက်စိပသာဒရှိရန် လိုအပ်သကဲ့သို့ ရထားအတွင်းပိုင်းသည်လည်း သန့်ရှင်းသပ်ရပ်နေရ မည်ဖြစ်ကြောင်း၊ နှစ် ၁၀၀ ကျော် အတွေ့အကြုံရှိပြီးဖြစ်သည့် မိမိတို့ မီးရထားလုပ်ငန်းသည် မီးရထားစက်ခေါင်းများနှင့် လူစီးတွဲ၊ ကုန်တင်တွဲများကို ပြည်တွင်းဖြစ် တည်ဆောက်နိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု တိုးတက်ရေးအတွက် Research and Development သည် အဓိကလိုအပ်သကဲ့သို့ မြန်မာ့မီးရထားတွင်လည်း ရထားနှင့်ပတ်သက်သည့် Research and Development Center တစ်ခု ထူထောင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားတွဲများတည်ဆောက်ရာတွင် လျှပ်စစ်ရထားအထိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး အနာဂတ်အတွက် ကြိုတင်စဉ်းစား ဆောင်ရွက်နေရန် လိုကြောင်း၊ ထိုသို့ စဉ်းစား၍ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင်လည်း ခေါင်းတွဲငယ်များဖြင့် စတင်ဆောင်ရွက်ကာ အဆင့်ဆင့် အဆင့်မြှင့်တင်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားဆွေးနွေးသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) အတွင်း လူစီးစက်ခေါင်းများနှင့် ရိုးရိုးစက်ခေါင်းများ တပ်ဆင်မွမ်းမံထားရှိမှု၊ စက်ခေါင်းသစ်များ တည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးသည့် စက်ခေါင်းသစ်များအား လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိကြပြီး မီးရထားပြတိုက် တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ပြန်လည်ဆွေးနွေး

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မီးရထားပြတိုက် တည်ဆောက်ရာ၌ ရှေးဟောင်း စက်ခေါင်းတွဲများအား အဆောက်အဦ၏ ပြင်ပတွင် ပြသထားရှိပါက ရေရှည်တွင် ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာ နိုင်သဖြင့် ပြတိုက်အတွင်း ထည့်သွင်းပြသရန်လိုကြောင်း၊ ပြည်ပနိုင်ငံများတွင် တည်ဆောက်ထားရှိသည့် မီးရထားပြတိုက်များကို လေ့လာ၍ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီဇိုင်းပုံစံမျိုးရရှိအောင် စနစ်တကျတွက်ချက်လုပ်ဆောင်ကြရန်လိုကြောင်းနှင့် မီးရထားနှင့် ပတ်သက်၍ ဘူတာရပ်ဝန်းတွင်သာမက လမ်းနယ်များတွင်ပါ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေး မီးရထားစည်းကမ်းချက်များကို တိတိကျကျ လိုက်နာစေရေး ကြပ်မတ် လုပ်ဆောင်ကြရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားသည်။

တစ်ဖက်တစ်လမ်းမှအထောက်အကူပြု

အဆိုပါ စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)ကို မြန်မာ့မီးရထားရှိ အဓိကစက်ရုံကြီးများဖြစ်သည့် စက်ခေါင်းစက်ရုံ(အင်းစိန်)နှင့် ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)တို့၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်စေရန်၊ ပြည်တွင်း၌ လိုအပ်သည့် ဒီဇယ်လျှပ်စစ်စက်ခေါင်းများ ပြုပြင်မွမ်းမံမှုများကို တိုးချဲ့ဆောင်ရွက်နိုင် ရန်ရည်ရွယ်၍ ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလတွင် တည်ဆောက်မှုလုပ်ငန်းများပြီးစီးခဲ့ပြီး ပထမဦးဆုံး စက်ခေါင်း သစ် DF 2093 စက်ခေါင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ စက်ရုံတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း စက်ခေါင်းသစ် ၁၀ ခေါင်းကို တပ်ဆင်ထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့် မြန်မာ့မီးရထား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်