Skip to main content

စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး တပ်မတော်အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်

နေပြည်တော် စက်တင်ဘာ ၁၄

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူ ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ စစ်စည်းကမ်း သည် တပ်မတော်၏ ကျောရိုးပင်ဖြစ်သဖြင့် စည်းကမ်းသေဝပ်၍ အမိန့်နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်းနှင့် မိမိတို့တာဝန် ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ကောင်းမွန်တိုးတက်အောင် မိမိတို့ တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်း နေထိုင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ပါရဂူဆေးမှူးများ၊ ဆရာ၊ ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစု များအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ကျောင်းအုပ်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ပါရဂူဆေးမှူးများ၊ ဆရာ၊ ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ခေတ္တတာဝန်ယူထိန်းသိမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နိုင်ငံတော် အတွက် တပ်မတော်၏ အရေးပါမှုအခန်းကဏ္ဍကို အရာရှိ၊ စစ်သည် မိသားစုများ သိရှိစေရန် အနည်းငယ်ပြောကြားလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်ပွားနိုင်သော မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ် တွေ့ရှိရသဖြင့် တာဝန်ရှိသူအဖွဲ့အစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တင်ပြ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့်အပြင် တတိယ အကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန် ကြံစည်ကြိုးပမ်း မှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ် ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း။

ဆက်လက်ကြိုးပမ်းဆောင်ရွက်

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေ သည့် အဖွဲ့အစည်းဖြစ်သဖြင့် နိုင်ငံ့အတွက် အရေးကြီးလှသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖီမသွားစေရန် လုပ်သင့်လုပ်ထိုက်၊ ပြောသင့်ပြောထိုက် သည်များကို ရွေးကောက်ပွဲ မတိုင်မီကာလများကပင် ထောက်ပြပြောဆိုခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့် ရွေးကောက်ပွဲဥပဒေများကို ကျော်လွန်လုပ်ဆောင်ခဲ့သည့် အခြေအနေများကို တွေ့ရှိရသောကြောင့် ယခုကဲ့သို့ အခြေအနေများ အထိ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီ ဖြစ်စေရေးအတွက် တပ်မတော်အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

တက်ညီလက်ညီဖြင့် ဆောင်ရွက်

တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက်နေရသည့် အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုသည် ဇွန်လနှင့် ဇူလိုင်လတို့တွင် အဆိုးဆုံး အခြေအနေ ဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုနှုန်း လည်း မြင့်မားခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ရောဂါ ကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန် လာမှုကို ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင်ဦးဆောင်၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တက်ညီလက်ညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါခံစားနေရသူများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်လိုအပ်ချက်များကို အမြန်ဆုံးရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း၊ ထို့ပြင် ကာကွယ်ဆေးများရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ရရှိလာသည့် ကာကွယ်ဆေးများကို ဒေသအလိုက် ဦးစားပေး အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိကြောင်း၊ လက်ရှိအချိန်တွင် ကူးစက်ဖြစ်ပွားနှုန်း လျော့ကျလာလျက်ရှိသည်ကို တွေ့ရှိရပြီး တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုနှင့် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ ကူးစက်ဖြစ်ပွားမှု နှုန်းကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

ကြိုးပမ်းလုပ်ဆောင်

ထို့ပြင် ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့်စီးပွားရေးလုပ်ငန်းများကို အမြန်ဆုံး ကုစားပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်သာမက နိုင်ငံတကာတွင်လည်း အလုပ်သမားရှားပါးခြင်း၊ လုပ်အားခစရိတ်၊ သယ်ယူပို့ဆောင်မှု စရိတ် မြင့်မားမှုများကြောင့် စီးပွားရေးတွင် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်သဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အဆက်မပြတ်စေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုမြင့်မားပါက ထုတ်လုပ်သူ၊ အလုပ်သမား၊ ဆက်စပ် လုပ်ငန်းများသာမက ပို့ကုန်ပမာဏကိုပါ မြှင့်တင်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ့၏ စီးပွားရေးကိုလည်း မြှင့်တင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ဆန်နှင့် ရေထွက် ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချရလျက်ရှိသော်လည်း ဆီနှင့် အချို့သော ကုန်ပစ္စည်းများကို တင်သွင်းနေရသောကြောင့် ပြည်တွင်းကုန် ထုတ်လုပ်မှု မြင့်တက် လာစေရေး ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် ပတ်သက်၍ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်ခွင့် ပြုထားပြီး အခြား ပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

ပြန်လည်ဖွင့်လှစ်သင်ကြား

တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည်စုံသည့် ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ပြီး အခြေခံမှာ အတန်းပညာ တတ်မြောက်ရန်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် ကျောင်းများ ကို နိုင်ငံတော်၊ မိဘနှင့် ကာယကံရှင် ကျောင်းသားကျောင်းသူများတွင် နစ်နာမှုများ ဖြစ်ပေါ်မှု မရှိစေရေး ပြန်လည်ဖွင့်လှစ်သင်ကြားစေခဲ့ကြောင်း၊ သို့သော်လည်း ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းများယာယီပိတ်ထားခဲ့ရပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့် အချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အထက်တန်းပညာ မသင်ကြားဖူးသူနှင့် စာလုံးဝမတတ်မြောက်သူဦးရေသည် မြင့်မားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးနှင့်  ပတ်သက်ပါက အလေးထားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိသည့် အချိန်ကတည်းကပင် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရ သဖြင့် ပြည်သူတစ်ရပ်လုံးလိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ရေွးကောက်ပွဲအား ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း။

ထိရောက်စွာ အသုံးချ

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တ တာဝန်ယူ ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်နိုင်ရန်အတွက် မိမိတို့တစ်ဦးချင်း၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရန်နှင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိထမ်းဆောင်ရသည့် တာဝန်များကို ကျွမ်းကျင်မှုရှိအောင် အမြဲမပြတ် လေ့လာရန်၊ လေ့ကျင့်ရန်နှင့် စစ်စည်းကမ်းကို တိကျစွာလိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်ပြီး စည်းကမ်းသေဝပ်၍ အမိန့်နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ကြစေ လိုကြောင်း၊ မိမိတို့သင်ကြားခဲ့ရသည့် စစ်နည်းဗျူဟာများကို ပိုင်နိုင်ကျွမ်းကျင်မှုရှိအောင် လေ့လာလေ့ကျင့်ရုံသာမက လက်တွေ့ စစ်မြေပြင်တွင်လည်း ထိရောက်စွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ အခြေခံစစ်နည်းဗျူဟာနှင့် စစ်ပညာများကို လိုက်နာမှုမရှိပါက စစ်မြေပြင်တွင် ပေးဆပ်မှုများ ကြီးမားနိုင်သည်ဖြစ်သဖြင့် စစ်သည်တစ်ဦးချင်းအနေဖြင့် ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်နေရမည်ဖြစ်ကာ စစ်စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းမွန်ရမည်ဖြစ်ကြောင်း။

အရည်အချင်းကို ဦးစားပေး

ပြင်ဦးလွင်တွင် တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းများစွာရှိပြီး လေ့ကျင့်ရေး၏ အခြေခံ ဘူမိနတ်သန် ပင်ဖြစ်သည့်အတွက် အရည်အချင်းပြည့်ဝပြီး အရည်အသွေး ထက်မြတ်ကောင်းမွန်သည့် အရာရှိ၊ စစ်သည်များ ထွက်ပေါ်လာအောင် နည်းပြများ အနေဖြင့် လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ၏ အရည်အသွေးမြှင့်တင် နိုင်ရေး အမြဲမပြတ် လေ့လာ ဖော်ထုတ်နေရမည်ဖြစ်ကာ သင်တန်းဆင်းလာပါက ၎င်း၏ အရည်အချင်းနှင့် ကိုက်ညီသည့် လူမှန်နေရာမှန် တာဝန်ပေးအပ် နိုင်ရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးဆောင်ရွက်ကြစေလိုပြီး နိုင်ငံ တော်နှင့် တပ်မတော်အတွက် အားကိုးအားထားရသည့် အရာရှိ၊ စစ်သည်များကို မွေးထုတ် ပေးကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အရည်အသွေးပြည့်ဝသော တပ်မတော်ဖြစ်စေရေး အတွက် တပ်မတော်စွမ်းရည်ထက်မြက်ရေး၊ စွမ်းပကားမြင့်မားရေးကို အလေးထား ဆောင်ရွက်ပေးခဲ့ပြီး စစ်သည်များ ပညာရည်မြင့်မားရေး၊ မိသားစုများ၏ စားဝတ်နေရေး အဆင်ပြေ ချောမွေ့မှု ရှိစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ လူဦးရေ၏ ၅၂ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သောကြောင့် အမျိုးသမီး အရာရှိ၊ စစ်သည်များ ထွက်ပေါ်လာအောင် လုပ်ဆောင်ပေးခဲ့ကာ နိုင်ငံတကာ တပ်မတော်များနှင့် ရင်ဘောင်တန်း နိုင်အောင် ကြိုးပမ်းလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။

တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်

ထို့ကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့၏ ကိုယ်စီတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ မိမိဘဝ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ ထိုသို့လုပ်ဆောင်ကြရာတွင်လည်း ရောင့်ရဲတင်းတိမ်သည့်စိတ်ဖြင့် ရိုးသားကြိုးစားစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိဝင်ငွေနှင့် ထွက်ငွေမျှတအောင် နေထိုင်သွားကြရန် တိုက်တွန်းလိုပြီး မိမိတို့၏ကြိုးစားမှု၊ စည်းကမ်းလိုက်နာမှု၊ ကျန်းမာရေးကောင်းမွန်အောင်  နေထိုင်စားသောက်မှု များအလိုက် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အသိတရား၊ သတိတရား လက်ကိုင် ထား၍ မိမိတို့၏ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို အသုံးချကာ ဘဝကို တည်ဆောက်ကြစေလိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ကောင်းမွန်တိုးတက်အောင် မိမိတို့ တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ကြစေလိုကြောင်း ပြောကြားသည်။

ညှိနှိုင်းဆောင်ရွက်ပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်