Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ) ပြန်လည် လည်ပတ်နိုင်ရေး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြင်ဆင်မှုနှင့် ဓာတ်မြေဩဇာစက်ရုံ စက်ပစ္စည်းများ ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၂၃

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သော ဓာတ်မြေဩဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အမှတ်(၃) ဓာတ်မြေ ဩဇာစက်ရုံ(ကျော်စွာ) ပြန်လည်လည်ပတ်၍ ဓာတ်မြေဩဇာထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာစက်ရုံ လည်ပတ်နိုင်ရန်လိုအပ်သော သဘာဝဓာတ်ငွေ့ပိုက်လိုင်း  ဆက်သွယ်ပြုပြင်ခြင်းနှင့် စက်ရုံ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် တာဝန်ရှိ သူများက ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး လုပ်ငန်းခွင် ဆောင်ရွက်နေမှုတို့ကို Virtual စနစ်ဖြင့် ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးအောင်မင်း နှင့်အမှတ် (၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)၏ စက်ပစ္စည်းများစစ်ဆေး ပြုပြင်နေမှုတို့ကို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လည်းကောင်း၊ ကျော်စွာဓာတ်မြေဩဇာစက်ရုံ၏ စက်ပစ္စည်းစစ်ဆေးပြုပြင်နေမှုများကို စက်ရုံမှူးကလည်းကောင်း ရှင်းလင်း တင်ပြသည်။

ပိုက်လိုင်းများပြုပြင်ဆက်သွယ်ခြင်းလုပ်ငန်းနှင့် ဓာတ်မြေဩဇာစက်ရုံ၏ စက်ပစ္စည်း စစ်ဆေးပြုပြင် နေမှုများတို့အတွက် တင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အမှတ် (၃) ဓာတ်မြေဩဇာ စက်ရုံ (ကျော်စွာ) ပြင်ဆင်ရေးကို စတင်ဆောင်ရွက်နေပြီ ဖြစ်၍ ရပ်ဆိုင်းစက်ရုံ စာရင်းမှ ပယ်ဖျက် နိုင်ရေးလုပ်ငန်းစဉ်များကို အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံ၏ စက်ပစ္စည်းယန္တရားသာမက ကုန်ထုတ်လုပ်မှုနှင့် သက်ဆိုင်သော အဆောက်အဦများကိုလည်း အသေးစိတ်စစ်ဆေးရန်လိုကြောင်း၊ မဖြစ်မနေဆောင်ရွက်ကြရမည့် မြို့ပြလုပ်ငန်း များကိုလည်း စိစစ်ပြင်ဆင်ရန်လိုပါကြောင်း၊ ဝန်ထမ်း အင်အား၊ စက်ယန္တရား လိုအပ်ချက်များ ကိုလည်း စက်ရုံလည်ပတ်နိုင်သည့် အခြေအနေအထိ စဉ်းစား၍ ကြိုတင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပိုက်လိုင်းပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက် ရာတွင် သီးနှံ ယာခင်းများ ဖြတ်သန်းမှုရှိပါက သေချာညှိနှိုင်း၍ သီးနှံလျော်ကြေးပေးဆောင်ရေး စီမံထားရန်လိုပါကြောင်း၊ နိုင်ငံတော်တွင် လိုအပ် သည့် ဓာတ်မြေဩဇာဖြည့်ဆည်းနိုင်ရေးကို ရည်ရွယ်ကာ လုပ်ငန်းများ အမြန်ပြီးစီးအောင် ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်နိုင် ရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာ ဖြည့်တင်းနိုင်ရန်ရည်ရွယ်၍ အမှတ် (၃) ဓာတ်မြေဩ ဇာစက်ရုံ (ကျော်စွာ) ကိုပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သည်။ ထို့အတူ ဓာတ်မြေဩဇာ လိုအပ်ချက်ကို အထိုက်အလျောက်ဖြည့်ဆည်းနိုင်ရေး အမှတ် (၄) ဓာတ်မြေဩ ဇာစက်ရုံ (မြောင်းတကာ) နှင့် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီး ထောင့်) တို့ လည်ပတ်ထုတ်လုပ် လျက်ရှိပြီး နွေစပါးအတွက် လိုအပ်သောဓာတ်မြေဩဇာ များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)