Skip to main content

မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈ဝ ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

မန္တလေး အောက်တိုဘာ ၁၈

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် အကျဉ်းကျခံ နေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၁၃၁၆ ဦးတို့ကို ယနေ့တွင် လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ရာ မန္တလေးမြို့ရှိမန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈ဝ ကို လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

မန္တလေး ဗဟိုအကျဉ်းထောင်အတွင်း ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း အစီအစဉ်ကို ယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက လွတ်ငြိမ်းသက်သာ ခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများအား ဆုံးမဩဝါဒစကားများပြောကြားခဲ့သည်။

ထို့နောက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်း သား၊ အကျဉ်းသူများအား အကျဉ်းထောင်တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းကို စနစ်တကျဆောင်ရွက်ပေးကာ ခရီးစရိတ်ငွေများ ပေးအပ်၍ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြသည်။

တစ်ပြိုင်တည်း

ယင်းသို့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး အကျဉ်း ဦးစီးဌာန ဦးစီးမှူး ဦးချိုဝင်းထွန်းက “ မန္တလေးဗဟို အကျဉ်းထောင်မှာ လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား၊ အကျဉ်းသူ အားလုံးပေါင်း ၈၀ ရှိပါတယ်။ အမျိုးသား ၇၇ ဦးနဲ့ အမျိုးသမီးသုံးဦးဖြစ်ပါတယ်။ ဒီနေ့ မန္တလေးဗဟိုအကျဉ်းထောင်မှာ လွတ်ငြိမ်း သက်သာခွင့်နဲ့လွှတ်ပေးသလို တိုင်းဒေသကြီးတွေမှာ ရှိတဲ့ ထောင်တွေမှာလည်း အကျုံးဝင်တဲ့သူတွေကို တစ်ပြိုင်တည်းလွှတ်နေပါပြီ။ လွတ်မြောက် တဲ့သူတွေကိုယ်စား ကျွန်တော်လည်း ဝမ်းသာမိ ပါတယ်” ဟု ပြောသည်။

ကျေးဇူးတင်ရှိ

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် ဒေါ်ကြည်ကြည်ခိုင်က “ကျွန်မထောင်သုံးနှစ်ကျပါတယ်။ ထောင်ထဲမှာ လေးလနဲ့နှစ်ရက် နေခဲ့ရပါတယ်။ အခုလိုပြန်လွတ်တော့ မိသားစုနဲ့ ပြန်တွေ့ရတော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ထင်တောင်မထင်ထားပါဘူး။ အိပ်မက်မက် နေသလို ခံစားရပါတယ်။ အခုလို လွှတ်ပေးတဲ့အတွက် နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့် ရသူပေါင်း ၁၇၁ ဦးရှိပြီး အမျိုးသား ၁၆၂ ဦးနှင့် အမျိုးသမီး ကိုးဦးဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)