Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သန်လျင်ဖန်ချက်စက်ရုံ အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သန်လျင်ဖန်ချက်စက်ရုံ အဆင့်မြှင်တင်ဖွင့်လှစ်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော တို့က ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သန်လျင် ဖန်ချက်စက်ရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အခမ်းအနား တက်ရောက်လာကြ သူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စက်ရုံအတွင်း လှည့်လည် ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖန်ချက်မီးဖို (FURNACE) အား စက်ခလုပ်နှိပ် မီးညှိဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း ဆက်လက် လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကနှင့် အဖွဲ့ဝင်များသည် ဖန်ချက်စက်ရုံ (Documentary Video) အား ကြည့်ရှုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖန်ပုလင်းများ သုံးစွဲမှုဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ကြောင်း၊ ယခုကဲ့သို့ ဖန်ထည်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည် ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကိုရရှိနိင်မည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စက်ရုံတည်ဆောက်ရေး တာဝန်ရှိသူတစ်ဦးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ စက်ရုံဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံတည်ဆောက်ရေး တာဝန်ရှိသူ တစ်ဦးအား ဂုဏ်ပြုသစ်သီးခြင်းကို ပေးအပ်သည်။

မြန်မာနိုင်ငံ၏ ဖန်ချက်လုပ်ငန်းကို ပုဂံခေတ်တွင် အစောဆုံးတွေ့ရှိရပြီး ဖန်ချက် ပညာသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလများတွင် များစွာအဆင့်အတန်းမြင့်မား ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ယခု မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သန်လျင်ဖန်ချက် စက်ရုံအား ၁၉၆၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အဆင့်ဆင့်တိုးချဲ့ ထုတ်လုပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ဖန်ပုလင်းအသုံးပြုမှုအတွက် ပြည်ပမှဖန်ပုလင်းများ တင်သွင်းနေရမှုကို လျှော့ချနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် စက်ရုံအဆင့်မြှင့်တင်မှုအား ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအဆင့်မြှင့်တင် တည်ဆောက်ထားသည့် သန်လျင်ဖန်ချက်စက်ရုံမှ တစ်ရက်လျင် ဖန်တန်ချိန် ၃၀၀ ကိုထုတ်လုပ်နိုင်ပြီး ပျမ်းမျှပုလင်း အလုံးရေလေးသိန်းကျော်အား ထုတ်လုပ်နိုင်မည် ဖြစ်သဖြင့် နိုင်ငံအတွက် လိုအပ်သည့် ဖန်ပုလင်းများကို ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်ပေးနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)