Skip to main content

(၇၄)နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၄

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် (၇၄)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊  ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရေတပ် စခန်းဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

လွှဲပြောင်းပေးအပ်

အခမ်းအနား အစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တပ်တော်ဝင် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်း ဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာ စစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်း များအား လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြုပေးအပ်သည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက် တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

လှည့်လည်ကြည့်ရှုလေ့လာ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲကျော်ထင်)၏ အမည်ကမ္ပည်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲကျော်ထင်)အား လှည့်လည်ကြည့်ရှုလေ့လာကာ စစ်ရေယာဉ်မှူးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်ကို ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် အဖွဲ့ဝင်များနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင် များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သည့် ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲကျော်ထင်) အပါအဝင် ကမ်းလွန်ရေယာဉ်တစ်စီး၊ မြစ်တွင်းသွား ကင်းလှည့် ရေယာဉ် ၂ စီးနှင့် မြစ်တွင်းအမြန်သွား ကင်းလှည့်ရေယာဉ် ၂ စီး တို့အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်း ပြသကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေး ပြုခြင်းကိုခံယူနေစဉ် စစ်ရေယာဉ် (ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ်(ရန်ကြီးအောင်) တို့မှ အမြောက်(၂၁)ချက် ပစ်ဖောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြု ကြသည်။ ၎င်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖရီဂိတ် စစ်ရေယာဉ်(အောင်ဇေယျ) ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)၊ ဖရီဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)နှင့် အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံစံဖြင့်လည်းကောင်း၊ အမြန်သွားကင်းလှည့်ရေယာဉ်များမှ Diamond Formation ပုံပြု ပုံစံများဖြင့် အသီးသီးပုံပြုမောင်းနှင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ကာကွယ်ရေး ဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့်  ပထမဆုံးအမြောက် ကျည်ဆန်ခွံအား အထိမ်းအမှတ်လက်ဆောင် အဖြစ်  ဂါရဝပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုမောင်းနှင်ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင် ရေယာဉ်များတည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက် ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုအထိမ်း အမှတ်တံဆိပ်နှင့် လက်ဆောင် ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အခမ်း အနားသည် တပ်မတော်(ရေ)၏ (၇၄)နှစ်မြောက် အခမ်းအနားဖြစ်သကဲ့သို့ တပ်မတော် (ရေ)အတွက် ဒုတိယမြောက်ရေငုပ်သင်္ဘော အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားဖြစ်ပြီး တပ်မတော်အတွက် ထူးခြားလေးနက်သည့် စွမ်းတစ်ရပ်ကို ထပ်မံဖြည့်တင်းပေးသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ ရေငုပ်သင်္ဘောစစ်ရေယာဉ်နှင့် အတူ တပ်မတော်(ရေ) မှကိုယ်တိုင်တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များ ဖြစ်သည့် ကမ်းလွန်ရေယာဉ်တစ်စီး၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် ၂ စီးနှင့် မြစ်တွင်း အမြန်သွား ကင်းလှည့်ရေယာဉ် ၂ စီး တို့ကိုလည်း တပ်တော်ဝင်နိုင်ခဲ့ကြောင်း။

အဆင့်မြှင့်တင် တည်ဆောက်

နိုင်ငံတော်၏အချုပ်အခြာအာဏာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အကောင်းဆုံးသော အာမခံချက်သည် စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေး အင်အားစု တည်ဆောက်ပိုင်ဆိုင်ခြင်းပင် ဖြစ်ကြောင်း၊ ထိုသို့အဆင့်မြှင့်တင်တည် ဆောက် ရာတွင် တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပင် သီးသန့် စီးပွားရေးဇုန်အထိအပြည်အဝကာကွယ်ပေးနိုင်ရေးအတွက် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ် မျှော်မှန်းပြီး တည်ဆောက်ပေးရာတွင် ရေငုပ်သင်္ဘောတပ်ဖွဲ့ တည်ဆောက်ပေးနိုင်ရန်၊ စစ်ရေယာဉ်များ တည်ဆောက်ဖြည့်တင်းနိုင်ရန်၊ လူသား အရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် လိုက်လျောညီထွေဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင်လည်း အဆင့်ပေါင်းများစွာ၊ ကဏ္ဍပေါင်းများစွာအတွက် စဉ်းစား၍ ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

အရည်အသွေးများ ပိုမိုတိုးတက်

ရေငုပ်သင်္ဘောတပ်ဖွဲ့ တည်ဆောက်ရေးအတွက် ယခင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက လူသားအရင်းအမြစ်များကို ကြိုတင်ပြင်ဆင်မှုအနေဖြင့် လေ့ကျင့်မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရေငုပ်သင်္ဘောတပ်ဖွဲ့လက်တွေ့တည်ဆောက်ရာတွင် အသင့်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူရေယာဉ်များ တည်ဆောက်ဖြည့်တင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်လည်း ရေတပ်သင်္ဘောကျင်းများအား အဆင့်ဆင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ရေတပ်သင်္ဘောကျင်းများမှ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စစ်ရေယာဉ် ၈၈ စီးကိုတပ်တော်ဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီးယနေ့ တပ်တော်ဝင်သည့် စစ်ရေယာဉ်များနှင့်ဆိုပါက ၉၄ စီးကို တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း တည်ဆောက်လျက်ရှိကြောင်း၊ ထို့သို့တည်ဆောက်ခဲ့ရာ တွင်လည်း စစ်ရေယာဉ်များ တည်ဆောက်မှု အရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ကြောင်း။

ထို့အတူစွမ်းရည်ထက်မြက်သည့် တိုက်ပွဲဝင်စစ်ရေယာဉ်များဖြစ်စေရေး စစ်ရေ ယာဉ်တစ်စင်းချင်းစီ၏ စွမ်းဆောင်နိုင်မှု (Capability) များတိုးတက်ကောင်းမွန်လာစေ ရေးဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့စစ်ရေယာဉ်များ အနေဖြင့် တစ်စီးချင်းတိုက်ပွဲဝင်ရာတွင် Capability ပိုကောင်းသည့် တိုက်ပွဲဝင် စစ်ရေယာဉ်များ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။

လူသားအရင်းအမြစ်များ မွေးထုတ်ပေးမှုနှင့် ပတ်သက်၍ တပ်မတော်(ရေ) အတွက် Deck officer များ Deck Crew များ၊ သင်္ဘောအင်ဂျင်ခန်းတွင် တာဝန်ထမ်း ဆောင်မည့်သူများကို လေ့ကျင့်မွေးမြူပေးလျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း သင်္ဘော တည်ဆောက်ရေးနှင့်ပတ်သက်ပြီးလည်း ဒီဇိုင်းနှင့်ပတ်သက်သည့် Navy Architect နှင့်ပတ်သက်သည်များ၊ Ship Construction နှင့်ပတ်သက်သည့် လူသားအရင်းအမြစ်များ အတွက် ပညာတော်သင်များ ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်းနှင့် လက်တွေ့ လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ပေး၍ အရည်အသွေးများတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့လူသား အရင်းအမြစ် တည်ဆောက်ရေးသည်တပ်ဖွဲ့ တစ်ခု တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်ကြောင်း၊ လူသား အရင်းအမြစ်များကို ကြိုတင်တည်ဆောက်ထားခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊

ခေတ်မီ ရေတပ်မတော်ဖြစ်စေရေး

ကြည်၊ ရေ၊ လေပူးပေါင်းစစ်ဆင်ရေးများ တပ်ဖွဲ့များအလိုက် စစ်ဆင်ရေးများနှင့် ပြည်ပနိုင်ငံများနှင့် ပူးတွဲလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများနှင့် ရေတပ်ဖွဲ့ချင်း ချစ်ကြည်ရင်းနှီးမှု ရရှိသကဲ့သို့ ရေတပ်ဖွဲ့၏ အရည်အသွေး၊ ပင်လယ်ပင်တွင် တာဝန်ထမ်းဆောင်မှု အတွေ့အကြုံ၊ သမုဒ္ဒရာကိုဖြတ်ကျော်ရသည့် အတွေ့အကြုံများကို ရရှိကြောင်း၊ တပ်မတော်(ရေ)တွင် အမျိုးသားစစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များ ကိုလည်း လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးအရာရှိများကိုလည်း စစ်ရေယာဉ်များ တွင်တာဝန်ပေးပြီးလိုက်ပါဆောင်ရွက်နိုင်ခဲ့သဖြင့် လူသားအရင်းအမြစ်များ အထိုက်အလျောက် ပြည့်စုံတိုးတက်လာပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးကိုမျှော်မှန်း၍ နိုင်ငံ၏ ကာကွယ်ရေးစနစ်ကို ပိုမိုထိရောက် မြန်ဆန်စေရေးအတွက် ရေတပ်ဖွဲ့စည်းမှုအား ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ခေတ်မီရေတပ်မတော် ဖြစ်စေရေးအဆင့်မြှင့်တင် ရာတွင် မိမိတို့အနေဖြင့် များစွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

မိမိတို့ တပ်မတော်သားများသည် အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ ရာသီ ဥတုမရွေး တာဝန်ထမ်းဆောင်နေကြရသူများဖြစ်သည့်အတွက် ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်ရေးသည် အထူးအရေးကြီးကြောင်း၊ သာမာန်အချိန် သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်ချိန်တွင် အလေ့အကျင့်များသည် ပင်လယ်ပြင်တွင် ခရီးသွားတာဝန် ထမ်းဆောင်ရာ၌ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊  ထိုသို့ မိမိ၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ပုံမှန်လေ့ကျင့်ခန်းများကို လေ့ကျင့် ပေးထားမှသာလျင် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာအောင်နေထိုင်ပြီး ကြံ့ခိုင်သန်စွမ်းအောင် လေ့ကျင့်ရန် အထူး မှာကြားလိုကြောင်း၊ နောက်တန်းဌာနချုပ်များတွင် တာဝန်ထမ်းဆောင်နေစဉ် ကြံ့ခိုင်မှု မပြည့်ဝခြင်းသည် မသိသာသော်လည်း ပင်လယ်ပြင်တာဝန်များကို ထမ်းဆောင်ချိန် တွင် ကျန်းမာရေးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ၌ အထူး ကျန်းမာ ကြံ့ခိုင်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှုများကို  မထိခိုက်စေရန် မိမိကိုယ်ကို ကျန်းမာ ကြံ့ခိုင်အောင် နေထိုင်သွားကြရန် မှာကြားလိုကြောင်း။

အသိအမှတ်ပြု ချီးကျူး

ကျန်းမာရေးနှင့်ပတ်သက်၍ တစ်ဆက်တည်း မှာကြားလိုသည်မှာ တစ်ကမ္ဘာလုံး ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့လက်တွဲပြီး  ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တပ်မတော်(ရေ) မှ တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာ့ကမ်းရိုးတန်း တစ်လျောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသ များရှိ သွားလာရေး ခက်ခဲပြီး ရေလမ်းခရီးကိုသာ အားပြုနေထိုင်နေရသည့် အရပ် ဒေသမှ တိုင်းရင်းသား ပြည်သူများအတွက် ကာကွယ်ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင် အပါအဝင် အခြားလိုအပ်သည့် ပစ္စည်းများကို စစ်ရေယာဉ် များနှင့် သယ်ယူ ပို့ဆောင်ရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက်လည်း အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း တပ်မတော်၏ ဆောင်ရွက်မှုများသည် မြန်မာ့သမိုင်းတွင် မှတ်ကျောက်တင်နိုင်မည့် ဆောင်ရွက်ချက်များပင်ဖြစ်ပြီး တပ်မတော်(ရေ)မှ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်အပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်းသွားမည့် ရောဂါမျိုး မဟုတ်သဖြင့် ထပ်မံ ကြုံတွေ့လာမည့် အခြေအနေများကိုလည်း ရင်ဆိုင်ကူညီနိုင်ရန် အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားလိုကြောင်း။

အထက်အောက် အပြန်အလှန်လေးစား

တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကိုကာကွယ်မည်ဟူသည့် မွန်မြတ်သောစိတ်ဆန္ဒနှင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ ဝင်ရောက်အမှုထမ်းကြသူများဖြစ်ကြောင်း၊ မိမိတို့ ထမ်းဆောင်နေသည့် တာဝန်အပေါ် ယုံကြည်ချက်၊ ခံယူချက် နက်နက်ရှိုင်းရှိုင်းနှင့် တာဝန်ထမ်းဆောင် သွားကြရန်လိုကြောင်း၊ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက်အပြန်အလှန် လေးစားမှုနှင့် ရဲဘော်ရဲဘက်စိတ်မွေးမြူပြီး တပ်မတော်သားကောင်း တစ်ယောက် ဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြရန် လိုအပ်ကြောင်း၊ စစ်သားကောင်းတစ်ယောက် ဖြစ်ရန် စစ်သားစိတ် အပြည့်အဝရှိရန် သတိ၊ အသိတရားများဖြင့် တာဝန်ထမ်းဆောင် သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့တစ်ဦးချင်း၏ သွားလာနေထိုင်ပြောဆိုမှု လုံခြုံရေး၊ မိမိတာဝန် ထမ်းဆောင်နေသည့် တပ်၏ လုံခြုံရေး၊ တပ်မတော်၏ လုံခြုံရေးတို့ကို သတိပြုရမည်ဖြစ်ပြီး ရှင်သန်ရပ်တည်နေထိုင် နေကြရသည့် နိုင်ငံတော်၏ လုံခြုံရေးကိုပါ တစ်ဦးချင်း အသိစိတ်ဓာတ်များဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော် ထိခိုက်မည့် လုံခြုံရေး ကျိုးပေါက်မှုများ မဖြစ်ပေါ်စေရန် ဂရုပြုရန်လိုအပ်မည်ဖြစ်ကြောင်း၊ တို့တာဝန် အရေးသုံးပါသည် အမျိုးသားရေး တာဝန်ဖြစ်သော်လည်း လက်ရှိနိုင်ငံတော်၏ လိုအပ် ချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံ၏ ရေပြင်ပိုင်နက်သည် စတုရန်းမိုင်ပေါင်း ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ ကျော်ရှည်လျားသည့်အတွက် အပြောကျယ်လှသည့် ရေပိုင် နက်ကို ကာကွယ်ရန်မှာ စေ့စေ့စပ်စပ်ဖြင့် အသိတရား၊ သတိတရားဖြင့် ဆောင်ရွက် ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့် ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များစောင့်ရှောက် ကာကွယ်ရေး၊ နိုင်ငံ၏ ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ (Ocean Based Economy) ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော် လာမည့် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုမှန်သမျှကို တွန်းလှန်ကာကွယ်ရေးသည် တပ်မတော်(ရေ)၏ အဓိက တာဝန်ပင် ဖြစ်ကြောင်း။

နိုင်ငံ၏ပိုင်နက်ရေပြင် ကာကွယ်ရေး

ယနေ့တပ်တော်ဝင်သည့် ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်) ကို လေ့ကျင့်ရေးဆောင်ရွက်ရန် အဓိကထားသည်ဖြစ်သော်လည်း လိုအပ်ပါက စစ်ဆင်ရေး တာဝန်များကိုလည်း ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲကျော်ထင်)ကို လေ့ကျင့်ရေးတာဝန်များအပြင် နိုင်ငံ၏ ပိုင်နက် ရေပြင်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အကျိုးရှိစွာ အသုံးချသွားရန်လိုအပ်မည် ဖြစ်ကြောင်း၊ မင်းရဲဆိုသည်မှာ အလွန်ရဲရင့်သည့်သူရဲကောင်းဟုအဓိပ္ပါယ်ရကြောင်း၊ ကျော်ထင်ဆိုသည်မှာ ကျော်ကြားထင်ရှားခြင်းဟု အဓိပ္ပါယ်ရကြောင်း၊ ရှေးမြန်မာမင်း များလက်ထက် ရန်အပေါင်းကို ရင်ဆိုင်ချေမှုန်းခဲ့သည့် အလွန်ရဲရင့်ကျော်ကြား ထင်ရှား သည့် သူရဲကောင်းများကို ပေးလေ့ရှိသည့် ဘွဲ့အမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးနှောင့်ယှက်လာမည့် မည်သည့် ကျူးကျော်မှုကိုမဆို ရဲရဲရင့်ရင့်ဖြင့် ရင်ဆိုင်ချေမှုန်းနိုင်ရန်ရည်ရွယ်ပြီး အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း။

မြစ်တွင်းအမြန်သွား ကင်းလှည့်ရေယာဉ်များကိုလည်း မြစ်တွင်းသယ်ပို့တာဝန် ထမ်းဆောင်နိုင်ရန်နှင့် ဘက်စုံသုံးရေယာဉ်အဖြစ်အသုံးပြုနိုင်သည့်အပြင် မြစ်တွင်း စစ်ဆင်ရေးများတွင် လျင်မြန်စွာလှုပ်ရှားနိုင်ပြီး ပစ်အားနှင့်စစ်ကစားနိုင်ရန် ရည်ရွယ် တည်ဆောက်ခဲ့ကြောင်း၊ ဟန်ချက်ညီရေတပ်တစ်ခု တည်ဆောက်သည့် နေရာတွင် သီးသန့်စီးပွားရေးဇုန် ကာကွယ်နိုင်ရန်၊ ကမ်းရိုးတန်းရေပြင်နှင့် မြစ်တွင်းစစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန်အတွက် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများ၊ ကော်ဗက်စစ်ရေယာဉ်များ အပါအဝင် မြစ်တွင်းအမြန်သွားကင်းလှည့်ရေယာဉ်များကိုပါ အချိုးအစားမျှတစွာ ထမ်းဆောင်ရမည့် တာဝန်နှင့် လိုက်လျောညီထွေရှိအောင် စနစ်တကျ တည်ဆောက် ပေးလျက်ရှိကြောင်း။

ထိုကဲ့သို့ စစ်ရေယာဉ်များကို တည်ဆောက်နိုင်ရေး၊ တာဝန်ထမ်းဆောင်နိုင်ရေးတို့အတွက် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်(ရေ) မှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ အားလုံး ကို ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၃)ရေတပ်ဆိပ်ခံ တံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်(ရတနာပုံ) ဖြင့် ထွက်ခွာကြသည်။

အထိမ်းအမှတ် ဂုဏ်ပြုကိတ်မုန့်လှီး

ထိုသို့သွားရောက်စဉ် စစ်ရေယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၄)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကိတ်မုန့်လှီးခြင်းအားဆောင်ရွက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့အား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တံဆိပ်များအား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။

ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၄)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်း ဌာနချုပ်အလိုက် ခင်းကျင်း ပြသထားသည့်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ ၎င်းနောက် တပ်မတော် (ရေ)စစ်တီးဝိုင်း တပ်ဖွဲ့၏ တီးမှုတ်ဖျော်ဖြေမှုများ၊ ပဒေသာကပွဲများ၊ တိုင်းရင်းသား ရိုးရာ တေးသီချင်းအကအလှတို့ဖြင့် ဖျော်ဖြေမှုများအားကြည့်ရှု အားပေးပြီး ဂုဏ်ပြု ဆုငွေ များပေးအပ်သည်။

အဆိုပါ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ ပြခန်းများတွင် ရေတပ်သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ ရေတပ်အသုံးအဆောင်ပစ္စည်းများနှင့် ရေယာဉ် ပုံစံငယ်များ၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်ထုတ်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ကုန်များနှင့် မြန်မာ့ရိုးရာ အစားအစာများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်