Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းဖွင့်ပွဲသို့ တက်ရောက်

စစ်တွေ  ဇန်နဝါရီ  ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာ၌ ပြုလုပ်သည့် ကျေးရွာအခြေပြု ခရီးသွား လုပ်ငန်း Community Based Tourism ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများက ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားသည့် ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် ဆောင်ရွက်ထားသည့် တည်းခိုဆောင် ဘန်ဂလိုများ၊ အခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ခရီးသွားဧည့်သည်များအား ဖျော်ဖြေတင်ဆက်ရန် ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဓလေ့ အကများ၊ ရိုးရာတီးဝိုင်းများဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ ကမားချောင်းတံတား ပေ ၃၀၀ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီး သက်လွင်နှင့် တံတားအထူးအဖွဲ့(၈)မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ကမားချောင်းတံတားသည် အုပ်မြစ်ဘိုးပိုင်၊ ကိုယ်ထည် RC ကွန်ကရစ်နှင့် အပေါ်ထည် RC ဆလပ်အမျိုးအစားဖြစ်ပြီး ခန့်မှန်းစီမံကိန်းတန်ဖိုး ငွေကျပ်သန်း ၁၅၀၀ ဖြစ်ကာ ၂၀၂၀-၂၀၂၁ ပြည်နယ်ရန်ပုံငွေ  ငွေကျပ်သန်း ၅၀၀၊ ၂၀၂၁-၂၀၂၂ မီနီ ပြည်နယ်ရန်ပုံငွေ ကျပ်သန်း (၅၀၀) ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၈)က တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)