Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၂၅

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျန်ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ပူးပေါင်းပါဝင်ဆောင်ရွက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို အနှစ်သာရနှင့် အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို ရန်ကုန်မှ နေပြည်တော်သို့ သယ်ယူမည့် အခမ်းအနားလည်း ပါရှိမည်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုကြမည့် ယာဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအလိုက် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက် နေကြသူများနှင့် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြမည့် တစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများမှာလည်း အားရဖွယ် တွေ့မြင်ရပါကြောင်း၊ တစ်နည်းအားဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို လှုပ်ရှားမှုများသည် ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု စွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ် မြင်ကွင်းဖြစ်နေပါကြောင်း။

စနစ်တကျ ကြိုတင်ပြင်ဆင်

ယခုနှစ် ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားဖြစ်သည်နှင့်အညီ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ဆောင်ရွက်ရမည့် အခမ်းအနားကြီးတစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာ ဝန်များကို စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးတွင် လုပ်ဆောင်ရန် ကျန်သည်များကို ဦးစားပေးဆွေးနွေးကြပြီး ဆုံးဖြတ်ပေးရမည့် အချက်များကို ချက်ချင်းဆုံးဖြတ်နိုင်ရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ၏ လုပ်ငန်းဆောင် ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဖြည့်စွက်ရှင်းလင်းတင်ပြ

ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေး ဆပ်ကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး၊ ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင် အခမ်းအနားစီစဉ်ရေး ဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများ စိုက်ထူရေး ဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီ၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေး ဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဆပ်ကော်မတီအလိုက် လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ၂၀၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်