Skip to main content

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စစ်တွေမြို့သို့ရောက်ရှိလာသည့်နေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

စစ်တွေ  ဇန်နဝါရီ ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ဇနီးတို့သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့နှင့် အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ဓညဝတီ(က) ရပ်ကွက်ရှိ ဓမ္မာရာမပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၊ မင်းဂံရပ်ကွက်ရှိ ဝိဘဇ္ဇဝါဒီ(ပရဟိတ) ဘုန်းတော်ကြီးကျောင်း နှင့်  ပြည်တော်သာရပ်ကွက်ရှိ ဗုဒ္ဓေါ မော်ဘုန်းတော်ကြီးကျောင်းတိုက်တို့၌ ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာပြည်သူများ အား သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြားပြီး ဆန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြ သည်။

လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓမ္မာရာမပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အားဖူးမျှော်ကာ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်း ရောက်ရှိနေသည့် နေရပ် စွန့်ခွာပြည်သူများအား စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့် ရှောက်မှု ပေးနေမှုကို ကြည့်ရှုအားပေးသည်။

လိုအပ်ချက်များတင်ပြ

ထို့နောက် ကျောင်းတိုက်ဓမ္မာရုံတွင် နေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကား ပြောကြားပြီး  အခက်အခဲရှိပါကတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်သူများကလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများက တစ်လစာ ဆန်ရိက္ခာ  ၁၀၉ အိတ် ကျော်နှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ကြသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိဘဇ္ဇဝါဒီ(ပရဟိတ) ဘုန်းတော်ကြီးကျောင်း သို့သွားရောက်၍ ကျောင်းထိုင် ဆရာတော်အား ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး နေရပ်စွန့်ခွာ ပြည်သူများအား တွေ့ဆုံ အားပေး ကာ  တစ်လစာဆန်ရိက္ခာ ၁၄ အိတ်ကျော်နှင့် ထောက်ပံ့ ပစ္စည်းများကိုပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်အားဖူးမျှော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။  ထို့နောက် နေရပ်စွန့်ခွာပြည်သူများအား တွေ့ဆုံ အားပေးကာ တစ်လစာ ဆန်ရိက္ခာ ၁၇ အိတ်ကျော်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။

ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများမှာ ဓမ္မာရာမပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင်  အိမ်ထောင်စု ၉၉ စု၊ ကျား ၁၃၅ ဦး၊ မ ၂၂၄ ဦး၊  ဝိဘဇ္ဇဝါဒီ(ပရဟိတ) ဘုန်းတော်ကြီးကျောင်း တွင် အိမ်ထောင်စု ၁၆ စု၊ ကျား ၂၆ ဦးနှင့် မ ၃၉ ဦးနှင့် ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းတိုက်တွင် အိမ်ထောင်စု ၈ စု၊ ကျား ၁၆ ဦးနှင့် မ ၂၀ ဦးတို့ ရောက်ရှိနေထိုင် လျက်ရှိကြသည်။

ထောက်ပံ့ပေးအပ်

၎င်းမိသားစုဝင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများက  လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည် ဆန် ရိက္ခာတစ်လစာနှင့် ကျောင်းသုံး စာအုပ်များ၊ အားကစားပစ္စည်းများနှင့် ကလေးကစားစရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများမှာ ရသေ့တောင်မြို့နယ်အတွင်းမှ စစ်တွေမြို့သို့ခေတ္တခိုလုံရန် ရောက်ရှိလာကြသူများ ဖြစ်ကြောင်းသိရသည်။  

တင်ထွန်း(ပြန်/ဆက်)