Skip to main content

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မိမိတို့ အဖွဲ့ကို တာဝန်စတင်ပေးကတည်းကပင် အစည်းအဝေးကျင်းပလာခဲ့သည်မှာ စတုတ္ထအကြိမ်သို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ ပထမဆုံးအကြိမ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၉ ရက်တွင်ကျင်းပခဲ့ပါကြောင်း၊ ဒုတိယအကြိမ်ကို နိုဝင်ဘာ ၈ ရက်နှင့် တတိယအကြိမ်ကို နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးများတွင် စာအုပ်အရွယ်အစားနှင့် စာအုပ်ထွက်ရှိ လာမည့်အချိန်ကို သတ်မှတ်ဆုံးဖြတ် ခဲ့ကြပါကြောင်း၊ ထို့ပြင် ပထမဆုံး မြန်မာဘာသာဖြင့် ဦးစွာထုတ်ပြန်ပြီးမှသာ အင်္ဂလိပ်ဘာသာပြန် ထုတ်ပြန်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြပါကြောင်း။

အဓိကဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများနှင့် အဖွဲ့အစည်းများထံမှ ရရှိထားသည့် အချက်အလက်များ၊ ကိန်းဂဏန်းများ မှန်ကန်မှု ရှိ၊ မရှိကို တာဝန်ယူစစ်ဆေးပေးပြီး ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုံနှိပ်ရန်အတွက် စာတည်းပိုင်းဆိုင်ရာ လုပ်ငန်းများ၊ Layout Design များနှင့် Protocol ဆိုင်ရာ ညီညွတ်မှု ရှိ၊ မရှိ ဆန်းစစ်ပြင်ဆင်ပေးမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ပွင့်လင်းစွာ သဘောထားများ တင်ပြကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ဝင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းနိုင်ထွန်းက နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ တတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ နှစ်ပတ်လည်အစီရင်ခံစာအတွက် သတင်းအချက် အလက် ပေးပို့ခဲ့သည့် စာရင်းနှင့် ပေးပို့ရန် ကျန်ရှိသည့်စာရင်း အခြေအနေ၊ ဝန်ကြီးဌာနများမှ နှစ်ပတ်လည် အစီရင်ခံစာတွင် ထည့်သွင်းမည့် အချက်အလက် ပေးပို့မှုအခြေအနေ၊ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် မသန်စွမ်း သူများအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နှစ်ပတ်လည်အစီရင်ခံစာ ရေးသား ထုတ်ဝေနိုင်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်