Skip to main content

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေး ဝန်ကြီးဌာန အနေဖြင့် အခြေခံပညာ သင်ရိုးညွှန်း တမ်းများကို KG+12 စနစ်သစ် ပညာရေးသင်ရိုး ညွှန်းတမ်းဖြင့် ၂၀၁၆ ခုနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ ရာတွင် ၂၀၂၂ ခုနှစ်တွင် အားလုံးပြီးစီးမည်ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် KG+12 ပညာရေးစနစ်သစ်ဖြင့် အခြေခံပညာရေးမှ အဆင့်မြင့် ပညာရေးသို့ ကူးပြောင်းကြမည့် ကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာတက္ကသိုလ်များနှင့် ဆက်စပ် ဝန်ကြီး ဌာနရှိ တက္ကသိုလ်များအနေဖြင့် စနစ်သစ် သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေ ဖြစ်မည့် တက္ကသိုလ် သင်ရိုး ညွှန်းတမ်းများ ကြိုတင်ပြင်ဆင်ထား နိုင်ရေး ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ ပညာရပ်နယ်ပယ်နှင့် ပညာရှင်များ ပိုမိုပြည့်စုံကျယ်ပြန့်စွာ ပါဝင်နိုင်ပြီးပညာရပ် အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သုတေသနညီလာခံများ နှစ်စဉ် ဆက်လက် ကျင်းပ သွားမည် ဖြစ်ပါကြောင်း။

တက္ကသိုလ်များတွင် Digitalization လုပ်ငန်းစဉ် အောင်မြင်စေရေးနှင့် လုပ်ငန်း များပိုမိုမြန်ဆန်ပြီး ထိရောက် မှန်ကန်စေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆရာဆရာမများ အရည်အသွေးမြင့်မားရေးအတွက် ၂၀၂၀ ဒီဇင်ဘာလမှစတင်၍ (၄) နှစ်သင်ပညာရေး အထူးပြုဘွဲ့ သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဒေသနှင့် လိုက်လျောညီထွေသည့် ဘွဲ့သင်တန်း၊ ဒီပလိုမာသင်တန်းများ၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် သုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မူးယစ် ဆေးဝါး အန္တရာယ် အပါအဝင် ဦးစားပေးလုပ်ငန်း(၇)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် အဆင့်မြင့်ပညာရေးမှ အရည်အသွေးရှိသော ဘွဲ့ရမောင်မယ်များ ပြုစုပျိုးထောင်မွေးထုတ် ပေးနိုင်ရေးအတွက် အားလုံး ညီညီ ညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးသည်ကဏ္ဍသည် အရေးအကြီး ဆုံးဖြစ်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိက တက္ကသိုလ်များ အရည်အသွေးပြည့်၀၍တိုးတက်ရေး အားပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် စာမေးပွဲစနစ်များ နိုင်ငံတကာအဆင့်မီ တိုးတက်အောင် ဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်များစာကြည့်တိုက်ကို ထိထိရောက်ရောက် အသုံးချ ဆောင်ရွက်ရေး ပိုမိုမြှင့်တင်ဆောင်ရွက်စေလိုပါကြောင်းစသည်ဖြင့် အကြံပြု ဆွေးနွေး ပြောကြားသည်။

ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က အဆင့်မြင့် ပညာရေး ဆိုင်ရာများ ဆွေးနွေးပြောကြားပြီး ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သောတက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးနှီးနှောဖလှယ်ပွဲမှ ဆွေးနွေးရရှိသည့် ရှေ့လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်စီစဉ်နေမှု အခြေအနေများကိုလည်းကောင်း၊ ပါမောက္ခချုပ် များ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆင့်စိုးကလွတ်လပ်စွာ ရပ်တည်သော တက္ကသိုလ်များအဖြစ် ထူထောင်နိုင်ရန်အတွက် တက္ကသိုလ်အလိုက်ကြိုတင်လုပ်ငန်းစဉ်များနှင့် ပါမောက္ခ ချုပ်များ ကော်မတီက ကူညီဆောင်ရွက်ပေးမည့် အထောက်အကူပြုလုပ်ငန်း များနှင့်စပ် လျဉ်း၍လည်းကောင်း၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က National Qualification Framework နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ တက္ကသိုလ် များ၏ ဘဏ္ဍာရေးစနစ်၊ Good Practice Guidelines for University Governace and Management တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မီမီသက်သွင်ကတက္ကသိုလ်များတွင် e-payment system နှင့် Digitalization လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင် က ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ စနစ်တကျဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များအားလုံး၏ နှစ်စဉ် Data Renew လုပ်ရန်လိုအပ်ချက် များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက အဆင့်မြင့်ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)