Skip to main content

နိုင်ငံတကာက မြန်မာ့ကျောက်မျက်ကို ဝယ်ယူရာတွင် ကုန်ချောထက် ကုန်ကြမ်းကိုသာ ဝယ်ယူမှုပိုများ

ရန်ကုန် ဇန်နဝါရီ ၇

နိုင်ငံတကာက မြန်မာ့ကျောက်မျက်ကို ဝယ်ယူရာတွင် ကုန်ချောထက် ကုန်ကြမ်း ကိုသာ စိတ်ဝင်စားပြီး ဝယ်ယူမှုပိုများကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ(၄) ဒေါ်မြင့်သက်နိုင် က ပြောသည်။

ကုန်ကြမ်းဝယ်ယူမှုများ

လက်ရှိ ကျောက်မျက်ရတနာအချောထည်များကို နိုင်ငံတကာက ဝယ်ယူနေ သော်လည်း ကျောက်မျက် ရတနာပြပွဲများတွင် ကျောက်မျက်ရတနာ ကုန်ကြမ်း စျေးကွက်ကိုသာ နိုင်ငံတကာက စိတ်ဝင်စားပြီး ကုန်ကြမ်းဝယ်ယူမှုများကြောင်း ၎င်းက ဆက်ပြောသည်။

"ကျောက်မျက်ရတနာအချောထည်က ကမ္ဘာတစ်ဝန်းကို သွားတာပေါ့။ ဒါပေမယ့် နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲတွေ၊ အသင်းချုပ်၊ အသင်းခွဲတွေကကျင်းပတဲ့ ကျောက်မျက် ရတနာပြပွဲတွေမှာဆိုရင် များသောအားဖြင့် ကျောက်မျက်ရတနာကို ကုန်ကြမ်းစျေးကွက်အနေနဲ့ပဲ နိုင်ငံ တကာက စိတ်ဝင်စားတယ်။ ဒါပေမယ့်လည်း အဲဒီမှာလည်း ကျောက်မျက် ရတနာအချောထည်ကို တင်ပြ ရောင်းချပါတယ်။ ဒါပေမယ့် အချောထည်နဲ့ အကြမ်းထည်ကို ယှဉ်လိုက်မယ်ဆိုရင် ကျောက်မျက်ရတနာ အကြမ်းထည်က ပိုပြီးရောင်းချရတာများတယ်"ဟု ဒေါ်မြင့်သက်နိုင်က ပြောသည်။

တစိုက်မတ်မတ်လုပ်ဆောင်

ထို့ကြောင့် နိုင်ငံတော်အနေဖြင့်လည်း ကျောက်မျက်ရတနာအချောထည် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် တစိုက် မတ်မတ် လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)မှလည်း မြန်မာနိုင်ငံမှထွက်ရှိသော ကျောက် မျက် ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာစျေးကွက် ရာနှုန်းပြည့်ဖြစ် ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျောက်မျက်ရတနာ များ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ် ခြင်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေပြီး ကျောက်မျက်ရတနာနှင့် လက်ဝတ် ရတနာများ ကမ္ဘာ့စျေး ကွက်တွင် ထိုက်တန်စွာ နေရာ ရရှိရေး၊ မြန်မာနိုင်ငံတွင် ရတနာစျေးကွက် ရာနှုန်းပြည့် ဖြစ်ထွန်း တိုးတက် လာစေရေးအတွက် စည်းလုံးညီညွတ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာ့ကျောက်မျက် ရတနာများကို အရိုင်းကုန်ကြမ်းစျေးကွက်အဖြစ် သက်သက် ရောင်းချခြင်းမဟုတ်ဘဲ အချောထည်များ ထုတ်လုပ် ရောင်းချခြင်းအားဖြင့် ကျောက်မျက်ရတနာလုပ်ငန်း လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုသူ လူတန်းစား ပေါင်းစုံအား(ကျောက်သွေး၊ ကျောက်ဖြတ်၊ ကျောက်မျက် အရောင်တင်ခြင်း၊ ပန်းတိမ်ပညာ၊ ကျောက်ပန်းချီ) အလုပ် အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် တတိယအကြိမ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ် ရတနာပြပွဲ-၂၀၂၀ ကို ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel တွင် ယခုလ ၁၀ ရက်မှ ၁၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် နိုင်ငံတကာစျေးကွက်ရရှိရန် နိုင်ငံခြားသားဝယ်ယူသူများအတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ တွဲဖက်ဘဏ္ဍာ ရေးမှူး (၁) ဒေါ်ညွန့်ညွန့်ခိုင်က ပြောသည်။

"ကျွန်မတို့က ကျောက်မျက်ရတနာ အရောင်းအဝယ် လုပ်တဲ့အခါမှာ ရတနာလုပ်ငန်းလုပ်ကိုင်သူတွေဟာ ရတနာ ခွန်ကို ငါးရာခိုင်နှုန်း၊ ပြီးရင် လာရောက်ဝယ်ယူသူတွေဆီ ကနေ သွယ်ဝိုက်သောနည်းနဲ့ တောင်းခံပေးရတဲ့ ကုန်သွယ် လုပ်ငန်းခွန်က ငါးရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်း ရှိပါ တယ်။ အခုပွဲမှာက International Market ကိုရဖို့ ရည်ညွှန်း တာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်ကနေပြီးတော့ နိုင်ငံခြားသား ဝယ်ယူသူတွေကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။ အဲဒီတော့ ကျွန်မတို့က သွယ်ဝိုက်သောနည်းနဲ့ သူတို့ကို တောင်းပေးဖို့ မလိုတော့ ဘူး။ ကျွန်မတို့ ရောင်းရတဲ့အပေါ်မှာပဲ ရတနာခွန်ကို ဆောင်ရုံပဲ ဆိုတော့ နိုင်ငံခြားသားတွေကို Tax Free ဖြစ်ပါ တယ်၊ Duty Free ဖြစ်ပါတယ်"ဟု ဒေါ်ညွန့်ညွန့်ခိုင် က ပြောပြသွားကြောင်း သိရသည်။

ငြိမ်းငြိမ်း