နေပြည်တော် မတ် ၂၆
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၁၃ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းပြည့်ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး (မဲအများဆုံးရသူ အနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်ဦး၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇင်မင်းထက် အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် နှင့်သက်တမ်းတို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော်က သဘောတူသဖြင့် ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသ ကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ ဦးချစ်ဆွေ၊ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး (မဲအများဆုံးရသူ အနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသန်းအောင် အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ကချင် ပြည်နယ် (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ Jeng Phang နော်တောင်၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီ တိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၁)မှ ဦးအောင်တင်မြင့် အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသား လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသဖြင့် လွှတ်တော်အခွင့်အရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ ဦးလှသိန်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန် တိုင်းဒေသကြီး (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၂)မှ ဦးရန်နိုင်ဦး အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်၏ အတည် ပြုချက်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသား လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး စတုတ္ထနေ့ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်