နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ရွေးချယ်တင်မြှောက်

 

နေပြည်တော် ဧပြီ ၃

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည် ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး ပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အစည်း အဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၅၈၆ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၈၄ ဦး တက်ရောက်ကြသဖြင့် ထက်ဝက် ကျော်သည့်အတွက် အစည်း အဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အစီအစဉ်များကို လွှတ်တော်သို့ အသိပေးကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက် ရယူပြီး အတည်ပြုမှတ်တမ်းတင်သည်။

 

ရှင်းလင်းပြောကြား

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပါဝင်သည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော် သမ္မတလောင်းများ ဖြစ်ကြသည့် ဒုတိယသမ္မတ သုံးဦးအနက်မှ ဒုတိယသမ္မတ တစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ဆန္ဒမဲလက်မှတ်ပုံစံ (၁၀)ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ နည်း ဥပဒေအရ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရန် ဆန္ဒမဲ ပေးခြင်းကို မိမိအပါအဝင် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များရှေ့မှောက်တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက် ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ ဆန္ဒမဲပေးပုံပေးနည်းနှင့် ပယ်မဲအဖြစ် ဆုံးဖြတ်သတ်မှတ်မည့် ဆန္ဒမဲလက်မှတ်တို့ကို လွှတ်တော် သို့ ရှင်းလင်းပြောကြားသည်။

 

အသုံးပြုမည့်ဆန္ဒမဲလက်မှတ်များ ရေတွက်

ထို့နောက် ပြည်ထောင်စု လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များ၏ရှေ့မှောက်၌ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်နိုင်ရန် ဆန္ဒမဲပေးပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက်သည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များသည် ပြည်ထောင်စု လွှတ်တော်ရုံး ဝန်ထမ်းများထံမှ ဆန္ဒမဲလက်မှတ်များကို တစ်ဦးချင်းလက်မှတ်ရေး ထိုးထုတ်ယူကြပြီး သတ်မှတ်ထား သည့်နေရာတွင် လျှို့ဝှက်ဆန္ဒပြုကာ ဆန္ဒမဲပုံးများအတွင်းသို့ ဆန္ဒမဲလက်မှတ်များ ထည့်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၃၊ နည်းဥပဒေခွဲ (ဋ)အရ ကိုယ်စားလှယ်များကို ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူ ရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်တို့ ကိုက်ညီခြင်းရှိ /မရှိကို နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များ ရှေ့မှောက်၌ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရေတွက် စစ်ဆေးကြသည်။

 

ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များကို ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၅၈၄ ဖြစ်ပြီး ယခုဆန္ဒမဲ ပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၅၈၄ ဖြစ်သည့်အတွက် ကိုက်ညီမှု ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ နည်း ဥပဒေ ၄၃၊ နည်းဥပဒေခွဲ (ဋ)၊ နည်းဥပဒေခွဲငယ် (င) အရ ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရန် လျှို့ဝှက်ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်များကို သမ္မတရွေးချယ် တင်မြှောက်ရေး အဖွဲ့ဝင်များရှေ့မှောက်၌ ဖွင့်လှစ်ပြီး သက်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ စိစစ်ရေတွက်၍ နိုင်ငံတော်သမ္မတလောင်း တစ်ဦးချင်းစီရရှိသော ထောက်ခံဆန္ဒမဲ အများ၊ အနည်း အလိုက် အမည်စာရင်း ပုံစံ(၁၅) တွင် နိုင်ငံတော်သမ္မတစိစစ်ရေး အဖွဲ့ဝင်များက လက်မှတ်ရေးထိုး မှတ်တမ်းတင်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက သမ္မတလောင်း တစ်ဦးချင်းရရှိသည့် ထောက်ခံဆန္ဒမဲအများ၊ အနည်း အလိုက် အမည်စာရင်းကို ကြေညာရာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ နိုင်ငံတော်သမ္မတ လောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထောက်ခံဆန္ဒမဲ ၄၂၉ မဲ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဦးညိုစောက ထောက်ခံဆန္ဒမဲ ၁၂၆ မဲ၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဒေါ်နန်းနီနီအေးက ထောက်ခံမဲ ၂၉ မဲ အသီးသီး ရရှိကြသည်။

 

ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်နာယကက ထောက်ခံဆန္ဒမဲအများဆုံးရရှိသည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာသည်။

 

ထို့နောက် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ဒုတိယ သမ္မတများအဖြစ် ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယကက သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့အစည်းအဝေးပြီးဆုံး ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် တတိယနေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်းကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်