နေပြည်တော် ဧပြီ ၆
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်၊၊
အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစု ပေါင်း ၅၈၅ ဦး ရှိသည့်အနက် ယနေ့ အစည်းအဝေးသို့ ၅၈၂ ဦး တက်ရောက် သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်း နှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေ ကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌ အဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ကျော်ဌေး၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်တင်မြင့်အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီအဖွဲ့ဝင်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာ သည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးနှင့် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးအား ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြထားကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ ဦးရေနှင့် ပြည်ထောင်စုတရားသူကြီးချုပ် အမည်စာရင်းနှင့် စပ်လျဉ်း၍ ခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယက က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရေး လွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြထားကြောင်းပြောကြားပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ ၏ အမည်စာရင်းတင်ပြချက်နှင့် စပ်လျဉ်း၍ ခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသူရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းကို ဧပြီ ၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့်ကို ယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆို ပြုတင်ပြသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်ကို ၃၁ ဌာန ဖြင့်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေကို ၃၀ ဖြင့်လည်းကောင်း သတ်မှတ်နိုင်ရေး ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်းနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုအစိုးရဝန်ကြီး ဌာန၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်စာရင်းနှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်စာရင်းတင်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက ဆွေးနွေးခြင်းကို ဧပြီ ၇ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စား လှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူက ရွေးချယ်ထားသူအဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသူအဖွဲ့ဝင် သုံးဦး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသူအဖွဲ့ဝင် သုံးဦး စုစုပေါင်းအဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းနှင့် ယင်းအဖွဲ့မှ ခုံရုံးဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၁၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၄ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရန် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့တင်ပြထား ကြောင်း ပြောကြားပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့က ရွေးချယ်တင်ပထားသည့် အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြား တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက ရွေးချယ်တင်ပြထားသည့် အဖွဲ့ဝင် ကိုးဦးအနက် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ထားသူ ဦးအောင်ဇော်သိန်းအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း၊ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမည်စာရင်းတို့နှင့် စပ်လျဉ်း၍ ခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ တို့နှင့်အညီ ပြည်ထောင်စုရှေ့ချုပ်အဖြစ် ဒေါက်တာသီတာဦးကို လည်းကောင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေတို့နှင့်အညီ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦးကိုလည်းကောင်း ခန့်အပ်တာဝန်ပေးသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ထံသို့ တင်ပြထားကြောင်း၊ ပြည်ထောင်စုရှေ့နေ ချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ခန့်အပ် တာဝန်ပေးအပ်ရန် သဘောတူကြောင်းနှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်လိုကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး စတုတ္ထနေ့ကို ဧပြီ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်