နည်းပြ ကားလိုအန်ဆယ်လော့တီသည် ဘရာဇီးအသင်းနှင့် နောက်ထပ် လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း ဘရာဇီးဘောလုံး အဖွဲ့ချုပ် (CBF) က မေ ၁၄ ရက်တွင် ပြောသည်။
အသက် ၆၆ နှစ်အရွယ် အီတလီလူမျိုး နည်းပြအန်ဆယ် လော့တီသည် ပြီးခဲ့သည့်မေလတွင် ဘရာဇီးအသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်သက်တမ်းမှာ လာမည့်လတွင် အမေရိကန် ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပတော့မည့် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ချုပ်ဆိုခဲ့ ခြင်း ဖြစ်သည်။ သို့သော်လည်း အန်ဆယ်လော့တီသည် ယခုသက်တမ်း တိုးစာချုပ်သစ်ကြောင့် ဘရာဇီးအသင်းတွင် ၂၀၃၀ ပြည့်နှစ်အထိ ရှိနေတော့မည် ဖြစ်သည်။
အန်ဆယ်လော့တီသည် နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ဘရာဇီးအသင်းကို စုစုပေါင်း ၁၀ ပွဲ တာဝန်ယူကိုင်တွယ်ထားပြီး ငါးပွဲ နိုင်၊ နှစ်ပွဲသရေနှင့် သုံးပွဲရှုံးရလဒ်ရရှိအောင် စွမ်းဆောင်ထားသည်။