ရန်ကုန် မေ ၂၄
၂၀၂၆ MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)ကို မေ ၂၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ အသင်းလေးသင်း သုံးပွဲဆက်တိုက် အနိုင်ရပြီး ဇယားထိပ်ပိုင်းတွင် ရာနှုန်းပြည့်နိုင်ပွဲဖြင့် ပြိုင်ဆိုင်လျက်ရှိသည်။
ပွဲစဉ်(၃)တွင် နှစ်ပွဲဆက်တိုက်အနိုင်ရထားသည့်အသင်းများ Pacific Sun Far အသင်း၊ YRG အသင်း၊ MIU အသင်း၊ ULAD အသင်းတို့ သုံးပွဲဆက်တိုက် အနိုင်ရကာ ဆက်လက်ဦးဆောင်နေပြီး JV အသင်း မှာမူ ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ပွဲစဉ်(၃) တွင် Pacific Sun Far အသင်းက ရွှေပြည်သာ ယူနိုက်တက်အသင်းကို ၁၄ ဂိုး-တစ်ဂိုး၊ ULAD အသင်းက Burmese Warriors အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ YRG အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ၁၂ ဂိုး-နှစ်ဂိုး၊ YCDC Dream Team အသင်းက United City အသင်းကို ၁၄ ဂိုး-တစ်ဂိုး၊ MIU အသင်းက Royal Noka အသင်းကို ငါးဂိုး-တစ်ဂိုး၊ Gold Dream အသင်းက JV အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပွဲစဉ် (၃) အပြီးတွင် Pacific Sun Far အသင်း၊ YRG အသင်း၊ MIU အသင်း၊ ULAD အသင်းတို့က ကိုးမှတ်စီ၊ YCDC Dream Team အသင်း၊ JV အသင်းတို့က ခြောက်မှတ်စီ၊ Royal Noka အသင်းနှင့် Gold Dream အသင်းတို့က သုံးမှတ်စီရရှိထားကာ United City အသင်း၊ Burmese Warriors အသင်း၊ မင်္ဂလာဒုံစီးတီးအသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်းတို့မှာမူ အမှတ်မရသေးပေ။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-MFF