ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၈)၌ စိတ်ထားဖြူစင်၍ ရိုးသားကြိုးစားသူနှင့် ဒေါသကြီးပြီး သူတစ်ပါးအပေါ် အနိုင်ယူလိုသူတို့ကို ရေဖြင့် ဥပမာပေး၍ သရုပ်ဖော်ထားသည့် “ရေကြည်နှင့် ရေနောက်” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါး၏ ပစ္စည်းကို ခွင့်မတောင်းဘဲ မယူသင့်ပုံကို နားလည်သွားသော ထူးထူးအကြောင်း သရုပ်ဖော်ထားသည့် “သင်ခန်းစာ” နှစ်မျက်နှာကာတွန်း၊ အကူအညီလို သောသူ ကို တွေ့ပါက အကူအညီပေးရန် အဆင်သင့်ဖြစ်နေသော အာနိုးအကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲနှင့် သူငယ်ချင်းများ” နှစ်မျက်နှာကာတွန်း၊ အခက်အခဲကြုံပါက ကိုယ်လွတ်မရုန်းဘဲ မိတ်ဆွေကောင်းပီပီ အချင်းချင်း ကူညီကြရ မည်ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “မိတ်ဆွေကောင်းဆိုသည်မှာ” နှစ်မျက်နှာကာတွန်း၊ သကြားလုံး၏ အင်္ဂလိပ်ဝေါဟာရများအကြောင်း သရုပ်ဖော်ထားသည့် “ပေါ်ဆန်း” တစ်မျက်နှာဟာသကာတွန်းနှင့် မေမေ့ပိုက်ဆံအိတ်က ဖေဖေ့ ပိုက်ဆံအိတ်ထက် ပိုကြီး၍ မေမေက ဖေဖေထက် ပိုက်ဆံပိုရှိသည်ဆိုသော ဘယ်ကျော် အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ပုံမှန်ရေလှိုင်းများထက် အဆမတန်မြင့်မားပြီး မမျှော်လင့်ဘဲ ပေါ်ထွက်လေ့ရှိသော လှိုင်းကြီးများအကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ညအချိန်မှသာ အစာရှာထွက်လေ့ရှိသော ဇီးကွက်ငှက်အကြောင်း ရေးသားထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် သူတစ်ပါး ဒုက္ခရောက်နေသည်ကို ကူညီပေးရာက ကူညီပေးသူကိုယ်တိုင်မှာလည်း ပျော်ရွှင်မှုများ ရရှိပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့ လက်ရာကဏ္ဍနှင့် နွေမိုးဒဏ်ကို ကာကွယ် ပေးသည့် ထီးကလေး၏ အသုံးဝင်ပုံအကြောင်း ရေးစပ်ထားသည့် ဆရာမင်းရွှေမိုး၏ “ထီးကလေး” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် ဘတ်စကားစီးမည့် ခရီးသည်က ဘတ်စကားစီးလျှင် မည်မျှကျသင့်မည်ကို မေးမြန်းရင်း ဘတ်စကားဒရိုင်ဘာနှင့် စကားစမြည်ပြောကြပုံကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။