Skip to main content

ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့ အပိုင်း(၄)

ခွန်နီဂါးတား(ရေနံ)နှင့် မောင်သုတ(စွမ်းအင်)

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံ၏စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် ရေတိုရေရှည်အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ချမှတ်ထားသည့် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊ ရရှိလာသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို အသုံးပြု၍ ရေနံချက်စက်ရုံများ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံများအား စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး စွမ်းအင်ဝန်ကြီးဌာနမှ ကိုယ်တိုင်ဝင်ရောက် ဆောင်ရွက်နေသည့်အပြင် ပြည်တွင်းပြည်ပရှိ ကုမ္ပဏီများနှင့်လည်း အကျိုးတူပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနသည် ထွက်ရှိလာသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့တို့အား ကုန်ကြမ်းနှင့် လောင်စာအဖြစ်အသုံးပြု၍ နိုင်ငံအတွက်လိုအပ်သည့် ရေနံထွက်ပစ္စည်းများနှင့် ယူရီးယားဓာတ်မြေ ဩဇာများ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့များဖြန့်ဖြူးပေးခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အသုံးပြုနေသည့် မော်တော်ယာဉ်များအတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေး

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့ ပေးအပ်နိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနသည် မော်တော်ယာဉ်များအား သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်အဖြစ် ပြောင်းလဲခြင်းကို ၁၉၈၆ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်၊ ချောက်နှင့် ရေနံချောင်းမြို့များတွင် အရောင်းဆိုင် ငါးဆိုင်ဖြင့် မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များ စတင်ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။

၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့ရေနံဈေးနှုန်း အဆမတန်မြင့်မားလာခြင်းကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ လောင်စာဆီသုံးစွဲမှုကို လျှော့ချနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များနှင့် အရောင်းဆိုင်များ တိုးချဲ့ဆောင်ရွက်ခြင်းကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် CNG အရောင်းဆိုင် နှစ်ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် CNG အရောင်းဆိုင်သုံးဆိုင်၊ CNG အရောင်းဆိုင်စုစုပေါင်း ၄၆ ဆိုင်မှ CNG ယာဉ်စီးရေ စုစုပေါင်း ၂၈၃၀၁ စီးကို နေ့စဉ်ကုန်းတွင်းနှင့် ကမ်းလွန်မှထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ခန့်အား ထိန်းညှိ ဖြန့်ဖြူးပေးနေလျက်ရှိပါသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)အရောင်းဆိုင်များ၌ CNG သုံး YBS မော်တော်ယာဉ်များ၊ အငှားယာဉ်များအပါအဝင် အခြား CNG သုံး မော်တော်ယာဉ် စုစုပေါင်း ၃၀၀၀၀ ခန့်ကို နေ့စဉ် နံနက် ၀၄:၀၀ နာရီမှ ည ၂၃:၀၀ နာရီအထိ သဘာဝဓာတ်ငွေ့ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ ပိုက်လိုင်းဖြင့် ပေးပို့လာသည့် Suction Pressure 120 PSI ခန့်ရှိသော သဘာဝဓာတ်ငွေ့များကို Dryer များဖြင့် မသန့်ရှင်းသော အခိုးအငွေ့များနှင့် ရေများအား စစ်ထုတ်အခြောက်ခံပြီး CNG အရောင်းဆိုင်ရှိ Compressor စက်များဖြင့် Pressure 2500-3000 PSI (လေထုဖိအား၏ အဆ ၂၀၀ အထိ) Compressed ပြုလုပ်၍ ဆလင်ဒါအိုးများအတွင်း ဖိသိပ်ဖြည့်သွင်းပြီး CNG မော်တော်ယာဉ်များသို့ ရောင်းချပေးခြင်းဖြစ်ပါသည်။

ထို့အပြင် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ CNG ဖြည့်တင်းဝယ်ယူရန် လာရောက်သည့် မော်တော်ယာဉ်များသည် စွမ်းအင်ဝန်ကြီးဌာနမှ ခွင့်ပြုထုတ်ပေးသော CNG မော်တော်ယာဉ်များ ဟုတ်မဟုတ်အား စစ်ဆေးနိုင်မည့် Automatic Number Plate Recognition(ANPR) စနစ်ကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ အဆိုပါစနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော အခြား CNG အသုံးပြုခွင့်ထုတ်ပေးသော ယာဉ်များအားစနစ်အတွင်း ထည့်သွင်းထားရှိပြီးဖြစ်ပြီး YBS များ၏ ယာဉ်နံပါတ်များ ထည့်သွင်းမှုများပြီးဆုံးပါက Automatic Number Plate Recognition(ANPR) စနစ် စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

CNG မော်တော်ယာဉ်များ CNG ဖြည့်တင်းရာတွင် တန်းစီစောင့်ဆိုင်းရမှုမရှိစေရန် စီမံဆောင်ရွက်ခဲ့မှု

CNG မော်တော်ယာဉ်များ CNG ဖြည့်တင်းရာတွင် တန်းစီစောင့်ဆိုင်းရမှုအား လျှော့ချနိုင်ရန်အတွက် ၂၀၂၄ ခုနှစ်တွင် အောက်ဖော်ပြပါလုပ်ငန်းများကို စွမ်းအင်ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ စီမံဆောင်ရွက်ခဲ့ပါသည်-

သဘာဝဓာတ်ငွေ့များ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် သတ်မှတ်ထားသည့် Gas Pressure ရရှိစေရေး စီမံဆောင်ရွက်ခြင်း၊

CNG အရောင်းဆိုင်များတွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး စီမံဆောင်ရွက်ခြင်းနှင့် အရန်မီးစက်များထားရှိ အသုံးပြုခြင်း၊

CNG အရောင်းဆိုင်များ၏ အဝင်အထွက်လမ်းများ အဆင်ပြေစေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး စီမံဆောင်ရွက်ခြင်း၊

ကုန်းတွင်းနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့တို့အား အပူစွမ်းအင်ထိန်းညှိဖြန့်ဖြူးနိုင်ရေး နည်းပညာအသုံးပြု၍ စီမံဆောင်ရွက်ခြင်း၊

CNG အရောင်းဆိုင်များရှိ Compressor နှင့် ဆက်စပ်စက်ပစ္စည်းများ၏ ကြံ့ခိုင် ကောင်းမွန်မှုရှိစေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စီမံဆောင်ရွက်ခြင်း၊

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့သုံး (CNG) မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့ပိုမိုဖြည့်ဆည်းပေးနိုင်ရေး စွမ်းအင်ဝန်ကြီးဌာနက စီမံဆောင်ရွက်နေမှုအခြေအနေများ၊ သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန် စီမံဆောင်ရွက်သွားမည့် အခြေအနေများ၊ CNG ဝယ်ယူရာတွင် တန်းစီစောင့်ဆိုင်းဝယ်ယူရမှု လျော့ကျသွားစေရေး၊ ပြည်တွင်းမှထွက်ရှိသည့် CNG ကို တိုးမြှင့်အသုံးပြုနိုင်ခြင်းဖြင့် စက်သုံးဆီဝယ်ယူရမှုလျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲရမှု ခြိုးခြံချွေတာနိုင်ရေးစသည့် အကျိုးကျေးဇူးများနှင့် CNG ကို သက်သာသောဈေးနှုန်းဖြင့် နိုင်ငံတော်မှစီမံဆောင်ရွက်ပေးထားမှုများအပေါ်တွင် ပြည်သူများအကျိုးခံစားမှုရှိစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများ၏ တင်ပြဆွေးနွေးမှုများအပေါ်တွင် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်

ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရရှိရန် အသင့်အတင့်ကျန်ရှိသော ရေနံမြေများတွင် တွင်းသစ်များတူးဖော်ခြင်း၊ ပေနက်တိုးချဲ့တူးဖော်ခြင်း၊ တွင်းဟောင်းပြုပြင်ခြင်း၊ ပိတ်ဆို့တွင်းများရှင်းလင်းခြင်း၊ တွင်းဟောင်းပြန်လည်ဖွင့်လှစ်ခြင်း၊ သဲကြောတိုးချဲ့သေနတ်ဖောက်ခြင်းလုပ်ငန်းများဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးအတွက် စွမ်းအင်ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံ၏စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့ကုန်ကြမ်းကို ဖိအားမြှင့်သဘာဝဓာတ်ငွေ့၊ ရေနံဓာတ်ငွေ့ရည်ကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရန်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့အရင်းအမြစ်များသည် အကန့်အသတ်ဖြင့်သာထုတ်ယူနိုင်၍ အကျိုးရှိစွာ အသုံးပြုရမည်ဖြစ်သဖြင့် ပြည်တွင်းသဘာဝ ဓာတ်ငွေ့ရောင်းချမှုအားလုံးကို ထုထည်အခြေပြု အစားအပူစွမ်းအင်အခြေပြုဖြင့် ပြောင်းလဲဆောင်ရွက်သွားရန် စွမ်းအင်ဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိပါသည်။

ကုန်းတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေများဖြစ်သည့် မအူပင်၊ အဖျောက်နှင့် မြန်အောင်တို့ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများတွင် သုတေသနပြုလုပ်၍ နည်းပညာအသုံးပြုဆောင်ရွက်ခဲ့သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များတိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပြီး ရရှိလာသော သဘာဝဓာတ်ငွေ့များကို အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိပါသည်။

အနာဂတ်သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးကဏ္ဍတွင် One BTU စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ဓာတ်ငွေ့ပေါင်းဆုံမည့် Gas Hub နှင့် ပိုက်လိုင်းကွန်ရက် အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများ သက်သာချောင်ချိမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်

စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် YBS ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ မော်တော် ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)များအား ၁ ကီလို ဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ CNG ဈေးနှုန်းသည် ဓာတ်ဆီတစ်ဂါလန်နှင့် ညီမျှသည့် သဘာဝဓာတ်ငွေ့ ၃.၆၆ ကီလိုဂရမ်ကို ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေသည့်အတွက် တူညီခရီးအကွာအဝေးတစ်ခုကိုနှိုင်းယှဉ်မောင်းနှင်ပါက CNG ယာဉ်များသည် ၁၄ ဆခန့် ကုန်ကျမှုသက်သာကြောင်းသုတေသနပြုထားပြီးလည်းဖြစ်ပါသည်။ ထို့အပြင် CNG အသုံးပြုသည့် Engine များသည် ဓာတ်ဆီ၊ ဒီဇယ်အသုံးပြုသည့် Engine များနှင့် နှိုင်းယှဉ်လျှင် အသုံးပြုနိုင်သည့် သက်တမ်းကို သိသာစွာကွာခြားမှုမရှိသည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေကြောင်းကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် အလုပ်ရုံဆွေးနွေးပွဲတစ်ခုအား ဦးဆောင်ကျင်းပ၍ ရှင်းလင်းပြောကြား ခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်၍ CNG အသုံးပြုခွင့်ရရှိနေသည့် မော်တော်ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများအနေဖြင့်လည်း စွမ်းအင်ဝန်ကြီးဌာနမှသဘာဝဓာတ်ငွေ့အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည့်အတွက် ခရီးသွားပြည်သူလူထုထံမှ ယာဉ်စီးခများကောက်ခံရာတွင် အခြားစက်သုံးဆီမော်တော်ယာဉ်များ ကောက်ခံနေသည့် နှုန်းထားများထက် လျော့နည်းသက်သာစွာ ကောက်ခံရမည်ဖြစ်ပါသည်။ သဘာဝဓာတ်ငွေ့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေခြင်းဖြစ်သည့်အတွက် CNG မော်တော်ယာဉ်များ ပိုမိုပြေးဆွဲနိုင်ပါက သယ်ယူပို့ဆောင်ရေးစရိတ်များလည်း ကျဆင်းလာမည်ဖြစ်ပြီး ကုန်ဈေးနှုန်း ကျဆင်းမှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းခန့်ကို ပြည်ပမှတင်သွင်းနေပြီး ပြည်တွင်းရေနံချက်စက်ရုံများမှ ၃ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်းသဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ပါက ပြည်ပမှတင်သွင်းနေရသည့် စက်သုံးဆီသုံးစွဲမှုနှုန်းကို လျှော့ချသွားနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသက်သာစေပြီး ခရီးသွား ပြည်သူများအနေဖြင့်လည်း ယာဉ်စီးနင်းခဈေးနှုန်းများ သက်သာစေမည်ဖြစ်ပါသည်။

CNG ကို ဓာတ်ဆီ၊ ဒီဇယ်များနှင့် နှိုင်းယှဉ်အသုံးပြုရာတွင် ကုန်ကျစရိတ်အနေဖြင့် CNG အသုံးပြုမှုသည် များစွာသက်သာနေသည်ကို အသုံးပြုသူများအသိပင်ဖြစ်ပြီး နည်းပညာဆိုင်ရာ သုတေသနပြုမှုများအရ CNG သည် သန့်ရှင်းသည့် စွမ်းအင်အမျိုးအစားဖြစ်၍ စက်ပစ္စည်းများ၏ သက်တမ်းကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်သည်ကို တွေ့ရှိနိုင်ပါသည်။ ယင်းသို့ အားသာချက်များရှိသည့်အတွက် CNG အသုံးပြုခွင့်ရရှိနေသည့် မော်တော်ယာဉ်ပိုင်ရှင်များ၊ အငှားယာဉ်မောင်းများအနေဖြင့် ခရီးသည်များထံမှ ယာဉ်စီးခများ တောင်းခံရာတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီကားများထက် သိသာစွာလျှော့ချ၍ တောင်းခံပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်းကိုလည်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးစဉ် မော်တော်ယာဉ်မောင်းနှင်သူများကို တွေ့ဆုံ၍ တိုက်တွန်းပြောကြားခဲ့ပါသည်။

မော်တော်ယာဉ်စီးနင်းသည့် ခရီးသည်များ လုံခြုံမှုရှိစေရေးနှင့် CNG ကို နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် စီမံဆောင်ရွက်ပေးထားမှုအပေါ်တွင် ပြည်သူများအကျိုးခံစားခွင့်ရှိစေရေး၊ CNG ဝယ်ယူရာတွင် တန်းစီစောင့်ဆိုင်း ဝယ်ယူရမှုလျော့ကျသွားစေရေး၊ CNG သည် စက်သုံးဆီများနှင့် နှိုင်းယှဉ်ပါကသန့်ရှင်းသောစွမ်းအင်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်သည့်အတွက် နိုင်ငံတကာတွင် ကျယ်ပြန့်စွာအသုံးပြုနေကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း တိုးမြှင့်သုံးစွဲသွားနိုင်ရေး စွမ်းအင်ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အများပြည်သူဘေးအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်

မော်တော်ယာဉ်စီးနင်းသည့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် CNG ယာဉ်များတွင် တပ်ဆင်အသုံးပြုသည့် CNG Cylinder အိုးများအား သတ်မှတ်ထားသည့်ကာလများအတိုင်း ခေတ်မီစက်ကိရိယာများဖြင့် CNG Retest Factory အလုပ်ရုံတွင် စနစ်တကျစမ်းသပ်စစ်ဆေးပေး လျက်ရှိသည့်အပြင် သက်တမ်းပြည့်ပြီး CNG Cylinder အိုးများ အသစ်လဲလှယ်ပေးနိုင်ရေးတို့ကို စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါသည်။

မော်တော်ယာဉ်များတွင် ထည့်သွင်းအသုံးပြုမည့် CNG Cylinder အိုးများအား လုံခြုံစိတ်ချယုံကြည်စွာ ဆက်လက်အသုံးပြုနိုင်ခြင်းရှိမရှိတို့ကို CNG Retest Factory တွင် Cylinder အိုး၏ Valve နှင့် Valve Handle များအား ဖြုတ်၍ ကောင်း မကောင်း စစ်ဆေးဆောင်ရွက်ပေးခြင်း၊ Cylinder အိုးများ၏ အတွင်းနံရံများရှိ သံချေးများနှင့် အနည်အနှစ်များအား ဆေးကြောသန့်စင်ခြင်း၊ Cylinder အိုး၏ ပြင်ပမျက်နှာပြင်အား မူလသံသားပေါ်သည်အထိ ချေးချွတ်သန့်စင်ခြင်းနှင့် Cylinder အိုး၏ ခံနိုင်ရည်ဖိအား၊ မာကျောမှု၊ အထူအပါး၊ အိုးအတွင်း အပြင်ဒဏ်ရာများအား စစ်ဆေး၍ ဆက်လက်အသုံးပြုနိုင်ခြင်းရှိ မရှိ စစ်ဆေးပေးခြင်း၊ Cylinder အိုး၏ Pressure Relieve Device များမှ ဓာတ်ငွေ့ယိုစိမ့်မှုရှိ မရှိစစ်ဆေးခြင်း စသည်တို့အား မော်တော်ယာဉ်စီးနင်းသည့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(ဆက်လက်ဖော်ပြပါမည်)