ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလျက်ရှိသောအနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အတူ ဇန်နဝါရီ (၆) ရက်၊ ညပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြု၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပါဝင်ကူညီလျက်ရှိသော အနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အနုပညာရှင်များ၏ ပါဝင်ကူညီဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းလက်တွဲ ဆောင်ရွက် လျက်ရှိသည့် Stop COVID-19 အဝါရောင် Campaign တွင် အနုပညာရှင်များ၏ ပါဝင်ကူညီ ဆောင်ရွက်နေမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ အနုပညာရှင်များအနေဖြင့် မည်သူ၏ တိုက်တွန်းမှုမျှမပါဘဲ ကိုယ်ပိုင် အသိစိတ်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ပြည်သူများလွတ်ကင်းစေရန် အတွက် ပြည်သူလူထု ကြားထဲဆင်းကာ အသိပညာပေးခြင်းများသည် မေ့ပျောက်၍မရသော သမိုင်းမှတ်တိုင်အဖြစ် ဆက်လက် ရှိနေမည်ဖြစ်ပါကြောင်း။

ယခုအခါ ကိုဗစ်-၁၉ ကူးစက်မှုလျော့လာသော်လည်း ကပ်ရောဂါပြီးမြောက်သည်အထိ ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ၏ လူမှု-စီးပွား ကိစ္စရပ်များ၊ ပြည်သူများ၏ နေထိုင်စားသောက်မှု ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်း ချိန်ဆလုပ်ကိုင်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများဖြင့် နယူးနော်မယ် (New Normal)၊ နယူးရန်ကုန် (New Yangon)၊ နယူးမြန်မာ (New Myanmar) ဖြစ်လာစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ နှလုံးသားကို အနုပညာဖြင့် စည်းရုံးကာ ကိုဗစ်-၁၉ ကူးစက်မှုမခံရစေရေး မည်သို့နေထိုင်ရမည်ဆိုသည့် ပြောကြား နေမှုများကို ဆက်လက်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်  မိမိကိုယ်တိုင် အသိစိတ် စေတနာများဖြင့် တက်ကြွစွာပါဝင်ကူညီဆောင်ရွက် နေသည့် အနုပညာရှင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူး တင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ သည် ကမ္ဘာတွင် လုံးဝပျောက် ကွယ်သွားမည်မျိုး မဟုတ်ဘဲ ကူးစက်မှု ပမာဏ အနည်း/ အများ၊ ရောဂါပြင်းထန်မှု အပြင်း/ အပျော့သာကွာခြားကာ လပေါင်းများစွာ ဆက်လက်ရှိ နေဦးမည် ဖြစ်သည့်အတွက် အနုပညာရှင် များအနေဖြင့် အရှိန်အဟုန်မလျှော့ဘဲ ယခုကဲ့သို့ပင် ဆက်လက်၍ ကူညီပံ့ပိုးစေလိုပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို တိတိကျကျ လိုက်နာကြမှသာလျှင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှေးကွေးသွားပြီး လက်ခံနိုင် သော အဆင့်တစ်ခုသို့ရောက်ရှိမှသာ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးလုပ်ငန်းများကို ပုံမှန်အတိုင်းပြန်လည် လည်ပတ် လုပ်ကိုင်နိုင် မည်ဆိုသည့် အချက်ကို ပြည်သူများအားလုံး သိရှိနားလည်ကြစေရန် အနုပညာရှင်များက နည်းမျိုးစုံ ဖြင့် ဆက်လက်ကူညီပံ့ပိုး ပေးစေလိုပါကြောင်း၊ မည်သည့်ကပ်ရောဂါကိုမဆို ထိန်းချုပ်ရာ၌ ပြည်သူများ၏ ပါဝင်ပူးပေါင်းမှုသည် အဓိက ကျပါကြောင်း၊ အနုပညာရှင်များအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ဗဟုသုတကြွယ်ဝစေရန်နှင့် ယင်းဗဟုသုတများကို အခြေခံကာ ဆောင်ရန်၊ ရှောင်ရန် ကိစ္စများဆောင်ရွက်စေရန် လှုံ့ဆော်ပေးစေလိုပါကြောင်း။

ကိုဗစ်-၁၉ ကို အချိန်တိုကာလအတွင်း အောင်မြင်စွာထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ၏ အပြုအမူအလေ့အကျင့်ကို ပြောင်းလဲစေရန် အနုပညာရှင်များ၏ ဆောင်ရွက်မှုအခန်းကဏ္ဍသည် ပို၍အရေးကြီးပါကြောင်း၊ ပြည်သူများအနေဖြင့် အနုပညာရှင်များအား ချစ်ခင်လေးစားခြင်း၊ နှစ်ခြိုက်ခြင်း၊ လိုလားခြင်းရှိသဖြင့် အနုပညာရှင်များ၏ ပြောစကားကို ပိုမိုလိုက်နာ ဆောင်ရွက် သည် ဆိုသည့်အချက်မှာ ကမ္ဘာ၌ သုတေသနတွေ့ရှိချက်များအရ သိရှိရပါကြောင်း၊ လက်တွေ့မြေပြင် တွင်လည်း ဤအချက်မှာ သက်သေပြစရာမလိုဘဲ မှန်ကန်လျက်ရှိသည်ကို မိမိတို့သိရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု မစခင်ကတည်းကပင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အနုပညာရှင်များ ဝိုင်းဝန်းကူညီနေကြသည့်အတွက် ပြည်သူများ၏ ပါဝင်မှု အတိုင်းအတာတစ်ခုအထိရရှိလာသဖြင့် ဆောင်ရွက်ပေးမှုများကို အထူးကျေးဇူးတင်ရှိ အသိအမှတ် ပြုပါကြောင်း၊ အနုပညာရှင်များ ပံ့ပိုးကူညီဖန်တီးပေးသည့် သီချင်းများ၊ ဗီဒီယိုများ၊ ရုပ်ပြကာတွန်း  များ၊ သတင်းစကားပြောကြားချက်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများထံပေးပို့ပြီး အသုံးပြုမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အနုပညာ ရှင်များ၊ အလှူရှင်များနှင့် ပရဟိတစေတနာရှင်များ အနေဖြင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်နေမှုများကို တွေ့ရှိရခြင်းသည် မြန်မာနိုင်ငံ၏ ထူးခြားသော လက္ခဏာတစ်ရပ်ဖြစ်ပါ ကြောင်း။

ယခု ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် Stop COVID-19 အဝါရောင် Campaign တွင် အနုပညာရှင်များ အားတက်သရော ဆက်လက်ပါဝင် ဆောင်ရွက်ပေးနေခြင်းသည် ရောဂါ ကူးစက်မှု ကွင်းဆက် ဖြတ်တောက်ခြင်းအတွက် အကျိုးရှိပါကြောင်း၊ ဝန်ကြီးဌာနမှ လက်ကိုင် သံချဲ့စက် (handheld speaker) များ အသုံးပြုကာ မြို့နယ်၊ ရပ်ကွက်များတွင် အဆင်သင့် အသံသွင်း ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးအသိပေးနှိုးဆော်ချက် (prerecorded message) များကို ဖွင့်၍ ကျန်းမာရေးပညာပေးဖြန့်ဝေလျက်ရှိသည့် ကိစ္စ၌ အနုပညာရှင်များအနေဖြင့် ရောဂါကာကွယ်ရေး အချက်များကို ပြောကြားအသံသွင်းပေးပါက ပိုမိုထိရောက်မည်ဖြစ်ပါကြောင်း။

ယခုလက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေသည် အနည်းငယ်လျော့နည်းလာသော် လည်း (လုံးဝ) ပေါ့ဆ၍ မရပါကြောင်း၊ ရောဂါလက္ခဏာ မပြဘဲရှိနေသူများသည် (၆၀ မှ ၈၀) ရာခိုင်နှုန်းအထိရှိခြင်း၊ ကူးစက်မှုအလွန်မြန်သော ဗိုင်းရပ်စ်ဖြစ်ခြင်း၊ လူတိုင်းသည် အမြဲတမ်း အသက်ရှူရသဖြင့် ရောဂါပိုးရှိသူတစ်ဦးထံမှ ရောဂါပိုးကို အသက်ရှူရာမှတစ်ဆင့်ကူးစက်နိုင်ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ရောဂါအခံရှိသူများနှင့် အသက်ကြီးသူများသည် သေဆုံးသူများ၏ (၈၀) ရာခိုင်နှုန်း ရှိခြင်း၊ ဗိုင်းရပ်စ်၏ မျိုးဗီဇသည် တစ်ချိန်လုံးပြောင်းလဲနိုင်ခြင်း၊ ဆေးရုံသို့ ရောဂါကျွမ်းကာနောက်ကျမှ ရောက်ရှိသူများသည် သေဆုံးမှု အလားအလာများခြင်း၊ လူတစ်ဦးနှင့် တစ်ဦးမျက်နှာချင်းဆိုင် စားသောက်ခြင်းနှင့် စုဝေးစားသောက်ခြင်းတို့သည် ကူးစက်မှု အများဆုံး ဖြစ်နိုင်ခြင်း၊ အများဆုံးကူးစက်နိုင်သည့် နေရာများမှာ နေရာစုံမှလူများလာရောက်ရာ ဈေးများဖြစ်ခြင်း အစရှိသည့် အချက်များကို ပုံစုံအမျိုးမျိုးဖြင့် ပြည်သူများအား အသိပညာပေး စေလိုပါကြောင်း။

ကမ္ဘာ့နိုင်ငံ (၃၃) ခုခန့်တွင် ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုး ကွဲသစ်ကူးစက်မှုများ တွေ့ရှိနေရပြီဖြစ်သဖြင့် အထူးသတိထားရမည့်ကာလဖြစ်ကြောင်း၊ လေဆိပ်မှ ဝင်ရောက်လာသူများကို (၂) ပတ်တာ အသွားအလာကန့်သတ်၍ RT PCR နည်းလမ်းဖြင့် (၂) ကြိမ် ဓာတ်ခွဲကာ ရောဂါစစ်ဆေးလျက်ရှိပါကြောင်း၊ ယခုပေါ်ပေါက် လျက်ရှိသော အလွန်ကူးစက်မြန်သည့် မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲ သစ်ရှိသူ တစ်ဦးလွတ်ထွက်သွားပါက မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ပိုမိုများလာနိုင်သဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးသတိပြု၍ ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို အထူး အလေးထားလိုက်နာရန်သည် လွန်စွာအရေးကြီးပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း တရားမဝင် ပြည်ပမှဝင်ရောက်လာသူများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ကြစေလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများ၊ အနုပညာရှင်များ ပူးပေါင်းလက်တွဲ ဆောင်ရွက် နေမှုများကို အထူးအားရကျေနပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် အနုပညာ နယ်ပယ်အသီးသီးမှ သရုပ်ဆောင်များ၊ တေးရေးများ၊ အဆိုတော်များ၊ ရိုက်ကူးရေးနှင့် အစီအစဉ် တင်ဆက်မှု ပညာရှင်များ၊ အလှူရှင်များနှင့် ပရဟိတအဖွဲ့များက ပံ့ပိုးလုပ်ဆောင် ပေးလျက် ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ပါဝင်မည့် အခန်းကဏ္ဍနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အကြံပြု ချက်များကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အနုပညာရှင်များ၏ အကြံပြုချက်များကို ပြန်လည် ဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အနုပညာရှင်များ၏ ပြောကြားချက် များ၊ အကြံပြုချက်များသည် ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါနှိမ်နင်းရေးရှုထောင့်မှ အလွန်အကျိုး ရှိမည့်အချက်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ မထင်မှတ်သော အမြင်ရှုထောင့်မှ ပြောကြားသည့်အပြင် ထိုပြောကြားချက်များသည် မိမိတို့ဝန်ကြီးဌာနအတွက် အလွန်တန်ဖိုးရှိပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အထူးအလေးထားကာ ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်း များကို ဆက်လက် လုပ်ကိုင်မည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ သည် "ကိုယ်ဖြစ် ကိုယ်ခံသာမဟုတ်ဘဲ၊ ကိုယ်ဖြစ်ပါက အခြားသူများပါ ခံရသည်" ဟု အနုပညာရှင်တစ်ဦးက ပြောကြားခဲ့သည်မှာ အလွန်မှန်ကန်ပါကြောင်း၊ အနုပညာရှင်များက ကိုဗစ်-၁၉ နှင့်ပတ်သက်၍ လူမှုရေးရှုထောင့်အမြင်များ၊ အလုပ်အကိုင်ရှားပါးမှုနှင့် စီးပွားရေး ရှုထောင့်မှ အမြင်များ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကျဆင်းမှုရှုထောင့်အမြင်များနှင့် ကဏ္ဍပေါင်းစုံမှ အနုပညာ ရှင်များပူးပေါင်း၍ တစ်ပေါင်းတစ်စည်းတည်းဆောင်ရွက်ပါက ပိုမိုအကျိုးရှိမည့် ရှုထောင့် အမြင်များ၊ ဘာသာရေးရှုထောင့်မှအမြင်များကို နောက်ခံထား၍ သုံးသပ်ကြသည်ကို တွေ့ရှိရသဖြင့် အနုပညာရှင်များ၏ အတွေးအခေါ်၊ ဗဟုသုတနှင့် အတွေးအမြင်များအား မိမိအထူးလေးစားပါ ကြောင်း၊ ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းများကို လုပ်ဆောင်ရာ၌ ဤအချက်များကို နောက်ခံထားကာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တစ်ဦးချင်း၊ တစ်ယောက်ချင်းမှသည် စုပေါင်း အင်အားဖြစ်လာသည်ဖြစ်သဖြင့် တစ်ဦးချင်း စည်းကမ်း လိုက်နာမှုများမှ တစ်ဆင့် အားလုံးစည်းကမ်း လိုက်နာကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့တွင် အနုပညာ နယ်ပယ်မှ ပညာရှင်များအားတွေ့ဆုံသကဲ့သို့ နယ်ပယ်အသီးသီးမှ ပညာရှင် များနှင့် တွေ့ဆုံဆွေးနွေး နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)