နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် video conferencing စနစ်ဖြင့် ကျင်းပသည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက် အာဆီယံခေါင်းဆောင်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၂

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက် နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားနှင့် (၃၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင် တက်ရောက်သည်။

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် ယဉ်ကျေးမှု အဖွဲ့က အနုပညာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် အာဆီယံသီချင်းကို သီဆို သည်။ ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ Mr. Nguyen Phu Trong က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က အဖွင့်အမှာစကားများ ပြောကြား၍ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ဖွင့်လှစ်သည်။

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင်ရွက်ပြီး၊ ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်တက်ရောက် ကြသည်။ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ က အာဆီယံအသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေး၊ အာဆီယံ၏ အချက်အချာကျမှု ဆက်လက်ထိန်းသိမ်းရေးနှင့် ဒေသတွင်းနှင့်နိုင်ငံ တကာရေးရာကိစ္စရပ်များအပေါ်တွင် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံခေါင်းဆောင်များက ၂၀၂၀ ပြည့်နှစ်အတွင် အာဆီယံကို အောင်မြင်စွာ ဦးဆောင်မှု ပေးနိုင်ခဲ့သည့်အတွက် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်အား ချီးကျူးဂုဏ်ပြုကြောင်းနှင့် မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှု ရရှိခဲ့သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထည့်သွင်း ပြောကြားခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းတစ်ရပ်ပြောကြားရာ၌ ပထဝီ မဟာဗျူဟာ အခင်းအကျင်းပြောင်းလဲနေခြင်းနှင့် အင်အားကြီးနိုင်ငံများအကြားတင်းမာမှု မြင့်တက်လာခြင်းတို့ကို ထိရောက်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် အာဆီယံအနေဖြင့် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွှတ်မှုနှင့် ပြင်ပ၏ တည်ငြိမ်အေးချမ်းမှုတို့ကို တိုးမြှင့်ဖော်ဆောင် သွားရန် လိုအပ်ကြောင်း၊ သဘောထား ကွဲပြားမှုမြင့်တက်ပြီး မဟာမိတ်အုပ်စုအသစ်များ တည်ထောင်ရန် ကြိုးပမ်းမှုများ ရှိလာချိန်တွင် အာဆီယံ၏ စည်းလုံးညီညွှတ်မှုနှင့် အချက်အချာ ကျမှုတို့ကို ပိုမိုတိုးတက် ခိုင်မာစေရန် အရေးကြီး ကြောင်း၊ အာဆီယံ၏မျှော်မှန်းချက်ဖြစ်သော ပြင်ပကိုမျှော်ကြည့်သည့် အာဆီယံအသိုက်အဝန်းကို ထူထောင်ရာတွင် ပြင်ပဆက်ဆံရေးသည် အရေးပသည့်မဏ္ဍိုင်တစ်ရပ်ဖြစ်ရာ အာဆီယံနှင့် မိတ်ဖက် ဆက်ဆံရေး ထူထောင်လိုသည့်နိုင်ငံများ တိုးတက်များပြားလာခြင်းကို စီမံဆောင်ရွက်နိုင်ရန်နှင့် အာဆီယံ ဦးဆောင်သည့် ယန္တရားများတွင် အာဆီယံ၏ အချက်အချာကျမှုကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီး ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးချက် အပေါ် တုံ့ပြန်ပြောကြားရာတွင် နိုင်ငံတစ်ဝန်း၌ ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနှင့် အသိုက်အဝန်းများ အကြား သဟဇာတရှိမှုတို့ကို ဖော်ဆောင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ၏အရေးကိစ္စကို ဖြေရှင်းရာတွင် မိမိတို့အနေဖြင့် အတူတကွပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံဖြတ် ကျော်ရာဇဝတ်မှု ကျူးလွန်သူ များသည် နည်းပညာကိုအလွဲသုံးစားပြု၍ COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ပုံမှန်အနေအထားသစ်နှင့် အညီ အလျင်အမြန်ပြုပြင်၍ လှုပ်ရှားမှုများ ပြုလုပ်လာ နိုင်သည့်အတွက် လူကုန်ကူးမှုပြဿနာသည် ဒေသအတွက် အန္တရာယ်ကြီးမားနေဆဲဖြစ်ကြောင်း၊ မည်သည့်ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ လူကုန်ကူးမှုပြဿနာ ကို သည်းခံခွင့်လွှတ်ခြင်းပြုရမည်မဟုတ် သကဲ့သို့ ရခိုင်အရေးကိစ္စနှင့် အတွင်းကျကျ ဆက်စပ်မှုရှိနေသည့် အကြမ်းဖက်ဝါဒ (Terrorism) ကို လည်း မည်သည့်နည်းနှင့်မျှ လက်ခံခြင်းမပြုကြရန် လိုအပ်ကြောင်း၊ အကြမ်းဖက်ဝါဒသည် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအကြား သဟဇာတရှိမှုကို ပျက်ပြားစေခဲ့သည် အလျောက် အသိုက်အဝန်းများကို ပိုမိုကွဲပြားမှုဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များနှင့် ယင်းတို့၏ ဝါဒဖြန့်မှုများကို ရပ်တန့်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နှင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား နှင့် စိုးရိမ်ပူပန်မှုတို့နှင့် သက်ဆိုင်သည့် အဆိုပါပြဿနာများကို ဖြေရှင်းရာတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။ ထို့ပြင်နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်က မကြာသေးမီက မြန်မာနိုင်ငံ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ မိမိအား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ကြသည့် အတွက် အာဆီယံခေါင်းဆောင်များကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးအပြီးတွင် အာဆီယံ အသိုက် အဝန်းမျှော်မှန်းချက် အခြေပြမြေပုံ (၂၀၂၅) ၏ ကာလလယ်သုံးသက်ချက်နှင့် အာဆီယံ၏ ဘက်စုံပြန်လည်ထူထောင်ရေးမူဘောင် တို့ကို တရားဝင်ထုတ်ပြန်ခြင်းနှင့် အာဆီယံ ဒေသတွင်း ဆေးပစ္စည်းအထောက်အပံ့များ သိုလှောင်ထားရှိမှု စတင်ခြင်းဆိုင်ရာ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၊ (၂၃) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေး၊ (၁၇) ကြိမ် မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီး အစည်းအဝေးနှင့် အာဆီယံအမျိုးသမီးခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတို့သို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။ ဆွေးနွေးဖက်နိုင်ငံများနှင့် ကျင်းပ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများတွင် ခေါင်းဆောင်များက အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများနှင့် ဒေသတွင်း နှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ (၂၃) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေး တွင် အရေးပေါ်ပြည်သူ့ကျန်းမာရေးနှင့်ရောဂါအသစ်များဆိုင်ရာ အာဆီယံဗဟိုဌာနကို ထူထောင် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကျင်းပပြုလုပ်သည့် အာဆီယံအမျိုးသမီးခေါင်းဆောင်များ၏ ပထမဆုံးအကြိမ် ထိပ်သီး အစည်းအဝေးကို ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ အာဆီယံခေါင်းဆောင် များ၊ နယ်သာလန် နိုင်ငံဘုရင်မ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဘဏ္ဍာရေးဆိုင်ရာအထူး အကြံပေးအရာရှိ၊ ကမ္ဘာ့ဘဏ်၏ ဒုတိယဥက္ကဋ္ဌ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ကဏ္ဍအသီးသီးမှ အမျိုးသမီးခေါင်းဆောင်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ် တို့ ပါဝင်တက်ရောက်ကြသည်။

အဆိုပါထိပ်သီးအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေး အဖွဲ့ခေါင်း ဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်သည် မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး ခေါင်းဆောင်ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး၊ “COVID-19 အလွန်ကာလ၌ စည်းလုံး ညီညွှတ်၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သည့် အာဆီယံအသိုက်အဝန်း တစ်ရပ် ကို ထူထောင်ရာ တွင် အမျိုးသမီးများ၏အခန်းကဏ္ဍမြှင့်တင်ရေး” ခေါင်းစဉ်နှင့် ပတ်သက်၍ ပါဝင် ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။  

 

(သတင်းစဉ်)