နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးနှင့် (၁၅)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့သို့ ပါဝင်တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်း အဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။

(၂၃)ကြိမ်မြောက် အာဆီယံအပေါင်းသုံးထိပ်သီးအစည်းအဝေးတွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင် များက အာဆီယံအပေါင်းသုံး နိုင်ငံများအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ခေါင်းဆောင်များက အဓိကမောင်းနှင်အားအဖြစ် အာဆီယံတည်ရှိသည့် အရှေ့အာရှအသိုက်အဝန်းတစ်ရပ် ထူထောင်ရေးဆိုင်ရာ ရေရှည်ရည်မှန်းချက်ကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံအပေါင်းသုံးနိုင်ငံ များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ကူးစက်ရောဂါအလွန် ဒေသ တွင်း ပြန်လည်နာလန်ထူ‌ရေးကို ဆောင်ရွက်ရာတွင် အာဆီယံ အပေါင်းသုံးနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ခိုင်မာစေရန်နှင့် COVID-19 ကူးစက်ရောဂါကို ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အာဆီယံ အပေါင်းသုံးနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍ ကို ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ခေါင်းဆောင်များက အရှေ့အာရှဒေသ၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တိုးမြှင့် ဖော်ဆောင်ရာ၌ အာဆီယံအပေါင်းသုံးနိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း ထုတ်ဖော်ပြောဆို ပြီး၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်မှု စသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်များကို ရင်ဆိုင် ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာ စေရန် ကတိကဝတ်ပြုခဲ့ကြသည်။

အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကူးစက်ရောဂါပျံ့နှံ့မှု၊ စီးပွားရေးအားပြိုင်မှုနှင့် ပထဝီမဟာဗျူဟာအခင်းအကျင်း ပြောင်းလဲမှုတို့ကို ရင်ဆိုင်နေကြရသည့်အချိန်တွင် အာဆီယံအပေါင်းသုံးနိုင်ငံများအကြား စည်းလုံးညီညွတ်မှု ပိုမိုတိုးတက်ခိုင်မာလျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ လက်ရှိကာလနှင့် အနာဂတ်တွင် ကြုံတွေ့မည့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကို ရင်ဆိုင်ဖြေရှင်းရာတွင် ပိုမိုအသင့်ရှိစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ပြန်လည်ဆန်းသစ် ခိုင်မာစေရန် အရေးကြီးကြောင်း၊ COVID-19 ကူးစက်ရောဂါ ဆိုင်ရာ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခြင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ချင်းမိုင်အစီအစဉ် (CMIM)ကို တိုးတက်ခိုင်မာစေခြင်း၊ မရှိမဖြစ်လိုအပ်သော ကုန်စည်များ ပို့ဆောင်ရေးလမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်ခြင်းနှင့် ဒေသတွင်း ပုံမှန်ခရီးသွားလာမှုကို တဖြည်းဖြည်း ပြန်လည်စတင်ခြင်း စသည်တို့မှတစ်ဆင့် စီးပွားရေးနှင့် ဘဏ္ဍာရေးကြံ့ကြံ့ခံနိုင်စွမ်းရှိစေရေးအတွက် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုင်မာသည့် မူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းမှုတို့ကို ဆက်လက်ဆောင်ရွက် သွားကြရန် အရေးကြီးကြောင်း၊ အာဆီယံအပေါင်းသုံး နိုင်ငံများအနေဖြင့် ကမ္ဘာ့ကူးစက်ရောဂါကို ရင်ဆိုင် ကျော်လွှားရေးနှင့် ကူးစက်ရောဂါအလွန် ပြန်လည်နာလန် ထူရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုသည် များစွာအရေးကြီးသည်ဖြစ်၍ အာဆီယံအပေါင်းသုံးလုပ်ငန်းစဉ် (၂၀၁၈-၂၀၂၂)တွင် ပါရှိ သည့် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတက်ခိုင်မာစေရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

(၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး တွင် အာဆီယံ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထိပ်သီးအစည်းအဝေး တွင် ခေါင်းဆောင်များက အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများအကြား အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် အခြေအနေများနှင့် ဒေသ တွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

အရှေ့အာရှထိပ်သီးအစည်းအဝေး ထူထောင်ခြင်း (၁၅)နှစ် ပြည့်မြောက်သည့် နှစ်ပတ်လည် အခါသမယတွင် ခေါင်းဆောင်များက အားလုံးနှင့်သက်ဆိုင်သည့် မဟာ ဗျူဟာ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အတူတကွ ပူးပေါင်းဖြေရှင်းကြရာတွင် အရှေ့အာရှထိပ်သီး အစည်းအဝေးကို ခေါင်းဆောင်များဦးဆောင်သည့် အဓိက နေရာတစ်ခုအဖြစ် ပိုမိုတိုးတက်ခိုင်မြဲစေရန် ထပ်လောင်း ကတိကဝတ်ပြုခဲ့ကြသည်။ ထို့ပြင် ခေါင်းဆောင်များက COVID-19 ကူးစက်ရောဂါကို ရင်ဆိုင်တုံ့ပြန်ရာတွင် ထိရောက်မှုရှိသည့် ကုသဆေးနှင့် ကာကွယ်ဆေးများကို အားလုံးက သာတူညီမျှ ခံစားရရှိရေး၏အရေးပါမှုကို အသိ အမှတ်ပြုကြပြီး၊ ဘေးကင်းလုံခြုံမှုရှိ၍ အရည်အသွေးပြည့်ဝ ပြီး၊ ထိရောက်မှုရှိသည့် COVID-19 ကာကွယ်ဆေးများကို အားလုံးက လက်လှမ်းမီသည့်ဈေးနှုန်းဖြင့် သာတူညီမျှ ခံစားရရှိစေရေးကို ကြိုးပမ်းဆောင်ရွက်သွားကြမည့် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြ သည်။

အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်ဦးနှစ်ဖက်အကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှုများရှိသည့် နယ်ပယ်များ၌ မဟာဗျူဟာ ဆွေးနွေးမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ခြင်းအားဖြင့် အာဆီယံနှင့် ဒေသ ပြင်ပ၏ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို တိုးမြှင့်ဆောင်ရွက်ရာတွင် အရှေ့အာရှထိပ်သီးအစည်း အဝေး၏ အရေးပါသည့်အခန်းကဏ္ဍကို အသိအမှတ်ပြု ကြောင်း၊ အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန် နားလည်မှုတို့ကို တိုးမြှင့်တည်ဆောက်ရန်အတွက် အရှေ့ အာရှထိပ်သီးအစည်းအဝေးအဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီး ပွင့်လင်းစွာ လွတ်လွတ်လပ်လပ် တိုင်ပင်ဆွေးနွေးသည့် အပြုသဘောဆောင်သော အနေအထားကို ပိုမိုတိုးတက် ခိုင်မာစေရန် အရေးကြီးကြောင်း၊ COVID-19 ကူးစက်ရောဂါ မှ ဆောလျင်စွာ ပြန်လည်နာလန်ထူနိုင်ရေးနှင့် အနာဂတ် တွင် ကြုံတွေ့မည့် အကျပ်အတည်းများကို ရေရှည်ကြံ့ကြံ့ ခံနိုင်စွမ်းရှိစေရေးတို့အတွက် လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများကို အရှေ့အာရှထိပ်သီးအစည်းအဝေး၏ မနီလာလုပ်ငန်းစဉ်အောက်မှ တိုးမြှင့်ဖော်ဆောင်သွား ကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ခေါင်းဆောင် အချို့၏ ပြောကြားချက်ကို တုံ့ပြန်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်းတို့နည်းတူ မိမိအနေဖြင့်လည်း ယင်းကိစ္စနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုရှိသည်ကို ပြောကြား လိုပါကြောင်း၊ COVID-19 ကပ်ရောဂါကဲ့သို့သော စိန်ခေါ်မှု အကျပ်အတည်းများကြားမှ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း အားလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရစေကာမူ တရား မျှတမှုနှင့် လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ နိုင်ငံတစ်ဝှမ်း လုံး၌ တိုးတက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဒေသအတွင်းနှင့် တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြော ရေးအတွက် အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင် နိုင်ငံအားလုံးနှင့် နီးကပ်စွာ အတူတကွ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ကိုယ်စား ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အာဆီယံ အပေါင်းသုံးနိုင်ငံ ခေါင်းဆောင်များနှင့် အရှေ့အာရှစီးပွားရေး ကောင်စီ၏ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခမ်းအနား သို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။ အလားတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် (၈)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ အာဆီယံ-နယူးဇီလန်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ထိပ်သီး အစည်းအဝေးတို့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်စား ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးဖက် နိုင်ငံများနှင့် ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေး များတွင် ခေါင်းဆောင်များက အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများနှင့် ဒေသ တွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

(၈)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးတွင် အမေရိကန်နိုင်ငံက အာဆီယံနိုင်ငံမှ ကျောင်းသူ ကျောင်းသားများ အမေရိကန်နိုင်ငံတွင် ပညာ သင်ကြားမည့်အခွင့်အလမ်း ပိုမိုရရှိစေမည့် Billion Future Scholars’ အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ အလား တူ အာဆီယံ-နယူးဇီလန်အထိမ်းအမှတ် ထိပ်သီးအစည်း အဝေး၌ နယူးဇီလန်နိုင်ငံက အာဆီယံ၏ COVID-19 တုံ့ပြန်ရေးရန်ပုံငွေသို့ ဒေါ်လာ ၁ သန်း၊ ကူးစက်ရောဂါ တုံ့ပြန်ရေးကို ကူညီပံ့ပိုးရန် ဒေါ်လာ ၁၂ သန်း၊ ဒေသတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို ကူညီပံ့ပိုးပေးရန် ဒေါ်လာ ၂၄ သန်း၊ ရာသီ ဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် ဒေါ်လာ ၁၀ သန်းနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှု အတွက် မဲခေါင်ကော်မရှင်သို့ ဒေါ်လာ ၅ သန်း ကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးတွင် ဩစတြေးလျနိုင်ငံက အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ တွင် ဘေးကင်းလုံခြုံမှုရှိပြီး ထိရောက်သည့် COVID-19 ကာကွယ်ဆေးများကို အားလုံးက ရရှိခံစားနိုင်ရန်အတွက် ဒေါ်လာ သန်း ၅၀၀ ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ (၂၃)ကြိမ် မြောက်အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးတို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့လည်း ပါဝင် တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်