နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား - မြန်မာ စက်မှုဇုန်စီမံကိန်း အုတ်မြစ်ချအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား - မြန်မာ စက်မှုဇုန်စီမံကိန်း အုတ်မြစ်ချအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

(၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်)

ကြွရောက်လာကြတဲ့ ဧည့်သည်တော်အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း အုတ်မြစ်ချအခမ်းအနားမှာ အမှာစကား ပြောကြားခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒီနေ့အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ တစ် ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

တောင်ပိုင်းဆိုင်ရာမူဝါဒသစ်ကော်မတီ (New Southern Policy Committee) ဥက္ကဋ္ဌဖြစ်သူ Mr. Park Bokyeong နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa တို့ကို နွေးထွေးစွာ ကြိုဆိုပါတယ်။

ပြည်သူပိုင်မြေကို ထိရောက်စွာအသုံးပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ယခု ကဲ့သို့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် ကိုရီးယား မြေနဲ့ အဆောက်အဦ ကော်ပိုရေးရှင်းနဲ့ Global Sae-A Co., Ltd တို့ကို လည်း ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။

ယနေ့ ကြွရောက်လာကြသူအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုများဟာ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးဖို့၊ မြန်မာပြည်သူများအတွက် သာယာဝပြောစေဖို့ သာမက  မြန်မာနဲ့ ကိုရီးယား နှစ်နိုင်ငံလူများအကြား ချစ်ကြည်ရေး အားကောင်းစေလာဖို့အတွက်ဆိုတာ သံသယရှိဖွယ် မရှိပါဘူး။

ယနေ့အခမ်းအနားဟာ စက်မှုဇုန်စီမံကိန်းဖော်ထုတ်ခြင်းသာမက မြန်မာပြည်သူ များနဲ့ ရန်ကုန်မြို့ရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် စီးပွား ရေး ဆိုင်ရာ အခြေခံအုတ်မြစ်များကို တည်ဆောက်ပေးတဲ့အခမ်းအနား ဖြစ်ပါတယ်။

ယခုနှစ်ဟာ စိန်ခေါ်မှု များနေတဲ့ နှစ်တစ်နှစ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါ တယ်။ စီးပွားရေးကျဆင်းမှုများနဲ့ အလုပ်အကိုင်ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရပါ တယ်။ ဒီလို အခက်အခဲတွေဟာ အထူးသဖြင့် ကာလရှည်ကန့်သတ်ခြင်းများကို ရင်ဆိုင်နေရတဲ့ ရန်ကုန် မြို့နေ ပြည်သူလူထုများအပေါ် သက်ရောက်မှု ရှိနေတာပဲဖြစ်ပါ တယ်။

ဒါပေမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့အခန်းကဏ္ဍကို ရပ်ပြီး နောက်နှစ်သစ်အတွက် ဆောင်ရွက် ရမှာဖြစ်တဲ့အတွက် KMIC နဲ့ အလားတူစီမံကိန်းတွေဟာ ကျွန်မတို့နိုင်ငံရဲ့ ရေရှည်တည်တံ့ မှုနှင့် အားလုံးပါဝင်တဲ့ ပြန်လည်ကုစားမှုအတွက် အင်အားအဖြစ် ပံ့ပိုး နိုင်မယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။

COVID-19 ကြောင့် အခက်အခဲနဲ့စိန်ခေါ်မှုတွေကို ကြုံတွေ့ခံစားနေရပေမယ့် မြန်မာ နိုင်ငံကတော့ ဘက်ပေါင်းစုံကနေ ကြိုးစားပြီး ကောင်းမွန်စွာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့က နောက်ဆုံး ထုတ်ပြန် ထားတဲ့ အချက်အလက်တွေအရ အခြားဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ် ကြည့်ရင် မြန်မာ နိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းဟာ အခြေအနေကောင်းတစ်ခုကို ထိန်းသိမ်းနိုင်ဆဲပဲဖြစ်ပါတယ်။ COVID-19 ကြောင့် ထိခိုက်မှုများကို ခံစားရပေမယ့် နောက်နှစ်များမှာ အခြေအနေကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။

အဲဒါနဲ့ဆက်စပ်ပြီး ဆိုးလ်မြို့မှာ မနှစ်ကကျင်းပခဲ့တဲ့ မြန်မာ-ကိုရီးယား စီးပွားရေး ဖိုရမ်မှာ ကိုရီးယားသမ္မတနိုင်ငံသမ္မတ Mr. Moon Jae-in ပြောကြားခဲ့တဲ့ စကားအချို့ကို အမှတ်ရမိပါတယ်။ KMIC စီမံကိန်းဟာ ဧရာဝတီမြစ်ဝှမ်းရဲ့ အံ့ဖွယ်ဖန်တီးမှုများအတွက် ထောက်ပံ့ပေးနိုင်မယ့် ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်လို့ သမ္မတကြီးက ပြောကြားခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဒီမျှော်မှန်းချက်ကို အပြည့်အဝ မျှဝေလိုက်ပါတယ်။

နောက် လက်ရှိအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ချက်များကြောင့် KMIC စီမံကိန်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှာဖြစ်သလို KMIC စီမံကိန်းကဲ့သို့ စီမံကိန်းအသစ်တွေ လည်း ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲမှုတွေကြောင့်ပဲ ကျွန်မတို့ ရပ်တည်နေထိုင်တဲ့နေရာမှာ စက်မှုဇုန် အသစ်တစ်ခုကို တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။

KMIC စီမံကိန်းကို အကောင်အထည်ဖော်ပြီးတဲ့အခါ နိုင်ငံတော်က အားပေး ဆောင်ရွက် နေတဲ့ အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် အခွင့်အလမ်း ပေါင်းများစွာကို ဖန်တီးပေးခြင်းဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၊ ထောက်ပံ့သူများနှင့် စားသောက်ဆိုင်များအပါအဝင် စက်မှုလုပ်ငန်းပေါင်း များစွာကို တိုးချဲ့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ယခုလို KMIC စက်မှုဇုန်ပေါ်ပေါက်အောင် အားလုံးက ပူးပေါင်းကြိုးစား ဆောင်ရွက် ပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ယခုအစိုးရ တာဝန် ယူချိန်ကတည်းက နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုစီမံကိန်းများကို ခွင့်ပြုပေးနိုင်ခဲ့တဲ့ အတွက် အဆိုပါစီမံကိန်းများကနေ အရည်အသွေးရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်း သစ်ပေါင်းသိန်းနဲ့ချီပြီး ဖန်တီးပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒီကနေ့အထိ စက်မှုလုပ်ငန်းကဏ္ဍကနေ နိုင်ငံ့စီးပွားရေးမှာ ၃၈ ရာခိုင်နှုန်းအထိ အထောက်အကူပြုနေပြီး သမားရိုးကျစက်ရုံများကနေ ဖန်တီးပေးတဲ့ အလုပ်အကိုင်မျိုး သာမက အမျိုးသမီးများ အလုပ်အကိုင်ရရှိရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ဆင့်ပွားပံ့ပိုး ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အရည်အသွေးရှိတဲ့ အလုပ်အကိုင်ပေါင်းများစွာ ဖန်တီးပေးနိုင်တဲ့ ကဏ္ဍ အဖြစ် ကိုယ်စားပြုရပ်တည်လျက်ရှိပါတယ်။

ဒီလိုတိုးတက်မှုမျိုးဟာ အလွယ်တကူဖြစ်လာတာမျိုး မဟုတ်သလို အဆင်ပြေ ချောမွေ့စွာနဲ့ ရရှိလာခြင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်မြို့ ဒီနေရာမှာ၊ မြန်မာနိုင်ငံ တစ်ဝန်းမှာ မျက်ဝါးထင်ထင် တွေ့မြင်ရပြီ ဖြစ်ပါတယ်။

KMIC စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ ရိုးစင်းတဲ့အယူအဆအဖြစ် အလုပ်အကိုင် နဲ့ စက်မှုလုပ်ငန်းတွေ တိုးတက်မှုအတွက် လုပ်သာကိုင်သာရှိတဲ့ဝန်းကျင် ကို ဖန်တီးပေးရမယ် ဆိုတဲ့ အစိုးရရဲ့တာဝန်ရှိမှုဟာ အရေးအကြီးဆုံးပဲဆိုတာကို ကျွန်မတို့ တွေ့မြင်သိမြင်နိုင်ပါ တယ်။

အစိုးရချည်းပဲ အလုပ်အကိုင်များ ဖန်တီးရေး၊ စဉ်ဆက်မပြတ်တိုးတက်ရေးတို့ ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် အစိုးရအနေနဲ့ MSME များနှင့် အရင်း အနှီးကို ချိတ်ဆက်ပေးပြီး ပြောင်းလဲနေတဲ့ နည်းပညာလိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် များကို ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ပေးခြင်းနဲ့ ၂၁ ရာစု အလုပ်အကိုင်များ အတွက် အဆင်သင့်ဖြစ်စေတဲ့ ယခုလို ရင်းနှီးမြှုပ်နှံမှုများအတွက် အခြေခံအုတ်မြစ်များ ချပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၊  ၎င်းတို့ရဲ့ မိသားစုများနဲ့ ရပ်ရွာအသိုက်အဝန်းများကို စီးပွားရေး အခွင့် အလမ်းကောင်းတွေ ရရှိစေ မှာဖြစ်ပါတယ်။

နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ဆန်းသစ်တီထွင်မှုနဲ့ ကျွမ်းကျင်မှုတွေ ကြောင့် ပုဂ္ဂလိကကဏ္ဍရဲ့ စွမ်းရည်က ပိုမိုအားကောင်းလာမှာဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းက မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP)မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်မတို့အစိုးရရဲ့ ဉီးစားပေး လုပ်ငန်း တစ်ရပ်လည်းဖြစ်ပါတယ်။

KMIC နှင့် အလားတူရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ရရှိနိုင်တဲ့ အလုပ်အကိုင်များ ဟာ ၂၁ ရာစု အလုပ်အကိုင်များသာ ဖြစ်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုများက ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်းကဏ္ဍကို ပိုမိုတိုးတက်စေပြီး ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် များတွင် ပါဝင်လာစေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် မကြာသေးမီက လက်မှတ် ရေးထိုးခဲ့တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP)တွင် ပါဝင်ခြင်းကလည်း အထောက်အကူပြုပါတယ်။ ဒါတင်မက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများက အရည်အသွေးရှိတဲ့ “Made in Myanmar” အမှတ်တံဆိပ် ပေါ်ပေါက်လာစေရန် အထောက်အကူပြုနိုင်ပါတယ်။

ဒီနေ့အခမ်းအနားက ကျွန်မတို့မျှော်မှန်းချက်တွေကို  အောင်မြင်အောင် ဆောင်ရွက် နိုင်ဖို့အတွက် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတာကို  ပြသနေတာ ဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ အခြေခံအဆောက်အအုံများဖြစ်တဲ့ လမ်းသစ်များ၊ တံတားများ၊ ဆိပ်ကမ်းများ၊ စာသင်ကျောင်းများ၊ Smart စက်ရုံများနှင့် အဝေးပြေးလမ်းများအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံရပါမယ်။ ဒါ့အပြင်  ရေနှင့် စွန့်ပစ်ပစ္စည်းစနစ်များသာမက ပိုမို အားကောင်းတဲ့၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့၊ အားလုံးပါဝင်တဲ့ အစိမ်းရောင်စီးပွားရေးကို ဖော်ဆောင်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်ရာမှာ အဖွဲ့အစည်း ဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ လူသားစွမ်းဆောင်ရည်များတွင်  ဆက်လက်ရင်းနှီး မြှုပ်နှံရ မှာဖြစ်ပါတယ်။

ဘယ်လိုရိုက်ခတ်မှုများမဆို ကျော်လွှားနိုင်မယ့် အသေချာဆုံးနည်းလမ်းက နောက်ကို ပြန်မလှည့်ဘဲ ရှေ့သို့ဆက်လျှောက်ခြင်းပဲဖြစ်ပါတယ်။ ရှေ့ကို ဆက်လက် ချီတက်ခြင်းကို ကျွန်မတို့လုပ်ကြရမှာပါ။

KMIC စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းက ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံပြည်သူများအကြား ချစ်ခင်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေမယ့် သာဓကတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ အောင်မြင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။