ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

ပွင့်ဖြူ     မတ်      ၁၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆရာတော်တစ်ပါး အခင်းဖြစ်ရာနေရာ၌ ပျံလွန်တော်မူကာ၊  အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၂ ရက် ၊ နံနက် ၆ နာရီအချိန်ခန့်က ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု ၊ ချောင်းဆုံကျေးရွာအနီး ပုသိမ် - မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၅၁/၃ တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှူ ဒုရဲအုပ်မျိုးသူ သည် သက်သေများနှင့် အတူ အခင်းဖြစ်နေရာအား သွားရောက်စုံးစမ်းစစ်ဆေးရာ ယာဉ်မောင်း ကျော်ဇင်သိန်း ၊ ကျွန်းတောရပ်ကွက် မြဝတီမြို့နေသူ မောင်းနှင်လာသော RLG / ---- လင်ခရူဇာ အဖြူရောင် ယာဉ်ပေါ်တွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာ မဟာဓမ္မရံသီကျောက်တိုက် ဆရာတော် တစ်ပါး အပါအဝင် (၁၀)ဦး လိုက်ပါစီးနင်းလာသော အဆိုပါ ဘုရားဖူးယာဉ်သည် ရွှေစက်တော်ဘုရားဖူးပြီး ပုသိမ် - မုံရွာကားလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် ယာဉ်တိုက်လော့ပြုတ်ကာ ယာဉ်မှာ လမ်းဘေးချောက်ထဲသို့ တိမ်းမှောက်သွားခဲ့သည်။ 

ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ဆရာတော် တစ်ပါးအခင်းဖြစ်ရာနေရာ၌ ပျံလွန်တော်မူ၍ အမျိုးသမီးတစ်ဦးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး၊ ကျန်ခရီးသည်(၈)ဦးတွင် မစိုးရိမ်ရ ဒဏ်ရာများ အသီးသီး ရရှိခဲ့၍ ထိခိုက်ဒဏ်ရာ ရရှိလူနာများအား ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ မြင့်မြတ်စိတ်ထား လူမှုကူညီရေးအသင်းအဖွဲ့နှင့်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များက ရဲဆေးစာဖြင့် မဲဇလီတိုက်နယ်ဆေးရုံသို့ ဆေးဝါးကုသမှုခံယူရန် ဝိုင်းဝန်းကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်အား မဆင်မခြင် မောင်းနှင်သူအား ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )