မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပြုလုပ်

ပေါက်ခေါင်း   မတ်   ၁၂

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် စီမံကိန်းဦးစီးမှူး ဒေါ်ခင်နီနီထွေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးသန်းထိုက်အောင်က မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒများကို မိတ်ဆက်ရှင်းလင်းခြင်း၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ပေါ်ပေါက်လာပုံ၊ အကောင်အထည်ဖော်မည့် ဦးစားပေး ကဏ္ဍများနှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြို့ပေါ်ရပ်ကွက်(၅)ရပ်နှင့် ကျေးရွာအုပ်စု( ၅၈ )အုပ်စုအတွင်း အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များ တက်ရောက်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြီး ပေါက်ခေါင်းမြို့နယ် လူငယ်ရေးရာကော်မတီအား အတည်ပြုဖွဲ့စည်းရွေးချယ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)