ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အကြိမ် (၂၀)မြောက် ပရိယတ္တိသာသနာ့နုဂ္ဂဟ စာပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

ကော့သောင်း မတ် ၁

ကော့သောင်းမြို့နယ်လုံးဆိုင်ရာအကြိမ် (၂၀)မြောက် ပရိယတ္တိသာသနာ့နုဂ္ဂဟ စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကော့သောင်းမြို့ ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ရာ ဆရာတော် သံဃာတော်ကြီးများ၊ စာအောင် ရှင်သာမဏေများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်စေတနာရှင် မြို့နေပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားအား ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ပြည်တော်အေးကျောင်းတိုက် ပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟ စာပြန်စာမေးပွဲ စာအောင်သံဃာတော်များ၊ နိုင်ငံတော်သာသနာ့ဓဇဓမ္မာစရိယ၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များ၊ အဘိဓမ္မာ ဝိသုဒ္ဓိမဂ်စာမေးပွဲအောင်မြင်သူများ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်မြင်သူများအား အောင်လက်မှတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ယင်းနောက် သာသနာ့ဗိမာန်တော်ရှေ့တွင် ကော့သောင်းမြို့ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော် သံဃာတော်များနှင့် စာအောင်သံဃာတော် အပါး(၂၀၀)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဆက်လက်ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ စေတနာရှင် အလှူရှင်များ က ဆန်၊ ဆီ၊ ဆေး၊ ဆားအစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်စိုး( ကော့သောင်း)