ပွင့်ဖြူမြို့နယ်၌ နွေနှမ်းစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ မြောက်မုန်း မြောင်းမကြီးအား စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး

ပွင့်ဖြူ        မတ်        ၁

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ နွေနှမ်းအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ မြောက်မုန်းမြောင်းမကြီးအား စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် ပို့လွှတ်ဖြန့်ဝေ ဆောင်ရွက်ပေး လျက်ရှိရာ တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခု ၂၀၁၉ - ၂၀၂၀ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်အတွင်း မြောက်မုန်း မြောင်းမကြီး တစ်လျှောက်ရှိ တောင်သူများ  နွေနှမ်းအချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက စတင်၍ ဖြန့်ဝေ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရေများ ဖြန့်ဝေရာတွင် စိုက်ပျိုးရေပို့လွှတ်မည့် ရေလက်တံ မြောင်းများအတွင်း ရေမြိတ်များနှင့် ခြုံနွယ် ပိတ်ပေါင်းများ ပိတ်ဆို့မှုမဖြစ်စေရန်နှင့် နွေသီးနှံစိုက်ပျိုးလယ်မြေများ စိုက်ပျိုးရေ မျှတစွာ ရရှိရေးအတွက်  ကြိုတင်၍ ရေလက်တံမြောင်းများအား ရှင်းလင်းထားရှိနိုင်ရေး တောင်သူများကို အသိပေး နှိုးဆော်ထားကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း ထံမှ သိရသည်။

ယခု ၂၀၁၉ - ၂၀၂၀ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီမှာ “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ နွေသီးနှံ အချိန်မီ စိုက်ပျိုးသွားနိုင်ရေး ကြိုတင်ပြီးတော့ တောင်သူများကို ရေလက်တံမြောင်းများ ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းထားဖို့နဲ့ လယ်ယာမြေများ ပြုပြင်ဆောင်ရွက်ထားဖို့ အတွက် ရေပေးဝေမည့်ရက်ကို ကြိုတင်အသိပေး အကြောင်းကြားထားပြီးဖြစ်လို့ ယနေ့နံနက်ပိုင်း မဲဇလီရေလွှဲဆည်မှ မြောက်မုန်း မြောင်းမကြီးတစ်လျှောက် စိုက်ပျိုးရေဖြန့်ဝေပေးရာမှာ အားလုံးအဆင်ပြေပါတယ်။ တောင်သူတွေ ကို စိုက်ပျိုးရေ ဖြန့်ဝေမှုအနေနဲ့ ခါတိုင်းနှစ်တွေက မဲဇလီရေလွှဲဆည်ကနေ ပို့လွှတ်တဲ့ဆည်ရေကို တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်းမြောင်းမကြီး နှစ်ခုလုံးကို နွေစပါးနဲ့ အခြား နွေသီးနှံ စိုက်ပျိုးနိုင်အောင် ပို့လွှတ်ပေးနိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဆည်ရေအဝင်နည်းတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်မှာစိုးလို့ တောင်မုန်းမြောင်းမကြီးက တောင်သူတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က နွေစပါးနဲ့ အခြားနွေသီးနှံ စိုက်ပျိုးလို့ရအောင် ဆည်ရေပေးဝေခဲ့ပါတယ်။ ယနေ့ မနက်ပိုင်းမှာ မြောက်မုန်းမြောင်းမကြီးတစ်လျှောက်ရှိ နွေနှမ်းစိုက်ပျိုးမယ့်တောင်သူတွေအတွက်  ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ ဒီလို ပေးဝေခြင်းဟာလည်း အလှည့်ကျစနစ်နဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ လာမည့် နှစ်မှာဆိုရင် မြောက်မုန်းမြောင်းမကြီးက တောင်သူတွေကို နွေစပါးနဲ့ အခြားနွေသီးနှံ စိုက်ပျိုးနိုင်အောင် ပေးဝေသွားမှာ ဖြစ်ပြီး တောင်မုန်းမြောင်းမကြီးက တောင်သူ တွေကို နွေနှမ်းသီးနှံအတွက် ပေးဝေသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း က ပြောသည်။

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ - ၂၀၂၀ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးစိုက်ပျိုးဧက ၁၄၃၈၀ ဧက နှင့် နွေနှမ်းစိုက်ပျိုးဧက ၄၀၀၇၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )