ရွှေပါရမီ ပဲနို့အာဟာရဖောင်ဒေးရှင်းအား မြို့နယ်ပညာရေး မိသားစုမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၉

ရွှေပါရမီ ပဲနို့အာဟာရဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၂၃၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၅၆၇၇)ဦးတို့အား၊ ပဲနို့အာဟာရ ခွက်ရေ (၈၄၇၂၃၀)ခွက် တိုက်ကျွေးပေးနိုင်ခဲ့မှုအတွက်၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမိသားစုမှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၁) အ.ထ.က စကားဝါခမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြိို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးက ကျောက်ပန်းတောင်းမြို့နယ် ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းဇော်ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး၊ ဦးထွန်းလင်းဇော်က ကျောင်းသား ကလေးငယ်များ ကာယ/ဉာဏ ဖွံ့ဖြိုးလာစေရန်အတွက်၊ အမှန်တကယ် လိုအပ်သည့် ပဲနို့အာဟာ တိုက်ကျွေးမှု လုပ်ငန်းတွင် အလှူရှင် စေတနာရှင်များ၏ အားနှင့်လုပ်အားဒါန ပါဝင်ခွင့်ရခဲ့သည့် မိမိတို့ ကော်မတီများ၏ အားဖြင့်သာ ဆောင်ရွက်နိုင်ခဲ့ခြင်း မဟုတ်ပဲ သက်ဆိုင်ရာ ကျောင်းအသီးသီးမှ ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသားမိဘများ၊ ကျောင်းကော်မတီများ၏  ပူးပေါင်းပါဝင်မှုကြောင့် ယခုလို တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် တိုက်ကျွေးနိုင်ခြင်း ဖြစ်သည့်အတွက် ဝမ်းသာမိပါကြောင်းနှင့် မြို့နယ် ပညာရေးဌာနမှလည်း ယခုလို အသိအမှတ်ပြုကာ ဂုဏ်ပြုပွဲ ပြုလုပ်ပေးသည့်အတွက်လည်း များစွာ အားတက်မိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောက်ပန်းတောင်းမြို့နယ် ပဲနို့အာဟာရ ဖောင်ဒေးရှင်း ကော်မတီအတွင်းရေးမှူး ဦးအေးခိုင်က မြို့နယ်အတွင်း တိုက်ကျွေးနိုင်ခဲ့သည့် ကျောင်းနှင့်ကျောင်းသားဦးရေ၊ တိုက်ကျွေးခဲ့သည့် ခွက်ရေပေါင်းနှင့် နောက်ပညာသင်နှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး၊ မြို့နယ် ပညာရေးမှူး ဒေါ်တင်တင်အေးက ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် ပဲနို့အာဟာရ ဖောင်ဒေးရှင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလင်းဇော်၊ အတွင်းရေးမှူးဦးအေးခိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးနှင့် ဒုတိယ မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း အင်အား (၂၀၀)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)