မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်း ဖေဖော်ဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရမည်းသင်းခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦးတို့မှ အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော် မှ ရမည်းသင်းမြို့နယ်အတွင်း နယ်မြေကွင်းဆင်း ဆေးကုသနိုင်မှု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်နိုင်မှုတို့ကို အကဲဖြတ် အမှတ်ပေးခြင်းအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦးတို့မှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွင် အကောင်းဆုံး ကျေးလက် ကျန်းမာရေး ဌာနခွဲတို့ကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်မှ ၂၀၁၉ ခုနှစ် မျိုးဆက်ပွား ကျန်းမာရေးကဏ္ဍ ထူးချွန်ဆုကို လည်းကောင်း၊ ဒုခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနီနီဝင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး​ ဒေါက်တာ  မြင့်မြင့်မော်တို့မှ အကောင်းဆုံး လုပ်ငန်းစွမ်းဆောင်ရည် တို့ကိုလည်းကောင်း အသီးသီးချီးမြှင့် ပေးအပ်ပြီး အကောင်းဆုံး ကျေးလက် ကျန်းမာရေးဌာနခွဲ ပထမဆုရ ပျားစီးကျေးရွာ ကျန်းမာရေးမှူး ဦးမြင့်လှိုင် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်းသိရသည်။

ဇော်ဝင်းအောင်(ရမည်းသင်း)