မြင်းခြံ ဖေဖော်ဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဝင်းနုဝင်း ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် မြေလတ်အိမ်ရာစီမံကိန်းကို ပထမဦးဆုံးစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြေလတ်အိမ်ရာ စီမံကိန်းကို မြင်းခြံ-ပုဂံညောင်ဦး လမ်းဘေးတွင်ရှိသော မြေနေရာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆောက်အဦ တစ်လုံးတွင်(၃၂)ခန်းပါရှိပြီး အဆောက်အဦ(၁၀)လုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ နေထိုင်သူများ အဆင်ပြေစေရန် အဆင့်မြင့်နည်းပညာများ၊ အရည်အသွေးမြင့် ပစ္စည်များဖြင့် ငလျင်ဒဏ်ခံနိုင်မှုစနစ်များ ထည့်သွင်းတည်ဆောက်ထားကြောင်း၊ အပေါ်ထပ်များတွင် နေထိုင်သူများအတွက် အမှိုက်ပစ်ရန်ပိုက်လုံးများ၊ အရေးပေါ် လှေကားများကိုလည်း တပ်ဆင်ဆောက်လုပ်ထားကြောင်း၊ ရေကူးကန် ၊ ကလေးကစားကွင်း ၊ ကားပါကင် ၊ အားကစားခန်းမ ၊ ဈေးဝယ်စင်တာနှင့်အနားယူ အပန်းဖြေနိုင်သော ပန်းခြံများလည်း ပါရှိပါကြောင်းကို တာဝန်ယူဆောက်လုပ်နေသော ဝင်းနုဝင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မြင်းခြံမြို့၏ အဆိုပါမြေလတ်အိမ်ရာစီမံကိန်းသည် မြင်းခြံမြို့တွင် ပထမဦးဆုံးဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး၊ ကိုယ်ပိုင်အခန်းများဖြင့် လူနေမှုအဆင့်အတန်း မြင့်မားစွာနေထိုင်နိုင်စေရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်ထားကြောင်းနှင့် စိတ်ဝင်စားသူများ မေးမြန်းကြည့်ရှု ဝယ်ယူနိုင်ကြောင်း သိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)