မြိတ် ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ကန်တော်မင်္ဂလာရေကန်မှ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ရေကန်အနီးရှိ ရေဂါလံ(၆၀၀၀)ဆန့်ရေစင်မှ နောက်လယ်ရပ်ကွက် အောင်ချမ်းသာဓမ္မာရုံ ရေကန်အထိ ရေပိုက်သွယ်တန်းကာ မီးငြှိမ်းသတ် ရေပိုက်ငုတ်များကို စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်၍ တိုးချဲ့တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရေကန်မှ မီးသတ်ယာဉ်များအား ရေဖြည့်ပေးနိုင်ရန်၊ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်တားဆီးကာ ကွယ်ရေးအတွက် ရေကန်မှ ထားဝယ်စုရပ်ကွက်အတွင်း ပေ(၁၂၀၀)ကျော် အကွာအဝေး အထိ မီးငြှိမ်းသတ်ရန်နှင့် မီးသတ်ယာဉ်ဖြည့်ပေးနိုင်ရန်အတွက် မီးငြှိမ်းသတ် ရေပိုက်ငုတ်များသို့ တစ်မိနစ် ရေဂါလံ(၅၀၀)စုပ်တင်ပေးပို့နိုင်သည့် ဖိုးလမင်းကုမ္ပဏီမှလှူဒါန်းထားသော Rabbit အမျိုးအစား အပေါ့စားရေစုပ်စက်ကို ထားဝယ်စု အရန်မီးသတ်စခန်းမှ ရေကန်အနီးတွင် ထားရှိပြီး ရေစုပ်စက်မှ ရေကန်အတွင်း ပေ(၁၂၀)ပိုက်သွယ်တန်းပြီး (၄)ပေ အနက် ဆောင်ရွက်ထားရှိသည်။
မီးသတ်ယာဉ်ရေဖြည့်ပေးနိုင်ရန်နှင့် သွယ်တန်းတပ်ဆင်ထားသည့် မီးငြှိမ်းသတ်ရေပိုက်ငုတ်(၄)ခုကို ယနေ့နံနက်(၉)နာရီခွဲက အပေါ့စားရေစုပ်စက်ဖြင့် ရေကန်မှရေစုပ်ယူပြီး မီးငြှိမ်းသတ်ပိုက်ခေါင်းဖြင့် သရုပ်ပြဆောင်ရွက်မှု၊ မီးငြှိမ်းသတ် ရေပိုက်ငုတ်(၄)ခုတွင် ရေစုပ်စက်ဖြင့် ရေစုပ်တင်သရုပ်ပြ ဆောင်ရွက်နေမှုအား စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို၊ မြိတ်ခရိုင် မီးသတ် ဦးစီးဌာနမှူး ဦးဇော်ဝင်း၊ ထားဝယ်စုအရန်မီးသတ်စခန်းဥက္ကဋ္ဌ ဦးခိုင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ရေစုပ်စက်ဖြင့် မီးငြှိမ်းသတ်ရေပိုက်ငုတ်များ သရုပ်ပြဆောင်ရွက်မှုအပြီးတွင် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ရေကန်အနီးရှိ ရေဂါလံ(၆၀၀၀)ဆန့်ရေစင် အသုံးပြုပြီး မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် အောင်ချမ်းသာဓမ္မာရုံအထိ ရေပိုက်သွယ်တန်းပြီး မီးငြှိမ်းသတ်ရေပိုက်ငုတ်များကို တိုးချဲ့ တပ်ဆင်ဆောင်ရွက်ရန် ရေကန်များအား ကြည့်ရှု ခဲ့ကြသည်။
ထို့အတူ မြိတ်မြို့ အလယ်ကျွန်းနယ်မြေတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများမှ ရေဂါလံ (၆၅၀၀)ဆန့် ရေစင်တစ်ခုဖြင့် မီးငြှိမ်းသတ်ရေပိုက်ငုတ်အလုံး(၂၀)ကို ရပ်ကွက်များတွင် တပ်ဆင်ဆောင်ရွက်ထားရှိပြီး အလယ်ကျွန်းရပ်ကွက်တွင် မီးသတ်ယာဉ်များ အလွယ်တကူ ရေဖြည့်နိုင်ရန် ရေဂါလံ(၁၀၀၀၀)ဆန့် ရေစင် တစ်ခုရှိသည်။ မြိတ်မြို့တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ် စခန်း(၈)ခုတို့တွင် မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း(၂၆)စီးရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )