စခန်းနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး (၁/၂၀၂၀) သင်တန်းဖွင့်လှစ်

မန္တလေး ဖေဖော်ဝါရီ ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မန္တလေးပြန်လည် ထူထောင်ရေးစခန်းတွင် စခန်းနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး (၁/၂၀၂၀)  သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ အမှတ် (၁၇) မူးယစ်အထူးတပ်ဖွဲ့စု၊ မန္တလေး ( မြောက်ပိုင်း ) ဒု− တပ်ဖွဲ့စုမှူး ဒုရဲမှူး ဦးဝင်းနိုင်က မူးယစ်ဥပဒေအကြောင်းကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်းများ ဖွင့်လှစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၃လကြာသင်တန်း ပထမအကြိမ်တွင် သင်တန်းသား ၂၆ဦးနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး ၃၀ ဦးကို လည်းကောင်း၊ ဒုတိယအကြိမ်တွင် သင်တန်းသား ၂၀ဦးနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး ၃၀ဦးကို လည်းကောင်း သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းဆင်းသွား သင်တန်းသားများအတွက် နောက်ဆက်တွဲ စောင့်ရှောက်မှုများ ပေးနိုင်ရန် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းမှာ ဖေဖော်ဝါရီလ (၂၀)နေ့မှ မတ်လ (၃၀)ရက်နေ့ထိ ဖြစ်ပြီး သင်တန်းသားဦးရေ (၂၀)ဦးအား သင်တန်းကာလအတွင်း အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ရှိသူများ၊ သင်တန်းသားများနှင့် ၄င်းတို့၏ မိဘများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်