ပွင့်ဖြူ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ဆံဖြူခင် ကျေးရွာသို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့သည် ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ရေအရင်းအမြစ်များ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် သတိပြု ရမည့်အချက်အလက်များ၊ စက်ရေတွင်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းနည်းစနစ်များ၊ စိမ့်စမ်းရေများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းနည်းစနစ်များကို ပညာပေး ဆွေးနွေး ဟောပြောသည်။ ထို့နောက် ကျေးရွာနေပြည်သူများ သောက်သုံးရေ မှီခိုအားထားနေရသည့် စက်ရေတွင်းသို့ သွားရောက်ကာ ရေထွက်အား ကောင်းမွန်ခြင်း ရှိ/မရှိ၊ ရေမော်တာနှင့် ပန့်များ ကောင်းမွန်မှု ရှိ/ မရှိနှင့် သောက်သုံးရေ လေလွင့်မှုမဖြစ်စေရေး စနစ်တကျ ခပ်ယူသုံးစွဲခြင်း ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးပြီး နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှု မဖြစ်ပေါ်စေရေး အတွက် စက်ရေတွင်းအား ကောင်းမွန်အောင် ကျေးရွာနေပြည်သူများ ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်း စောင့်ရှောက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ဆံဖြူခင်ကျေးရွာသည် အိမ်ခြေ ၁၀၅ အိမ် ၊ လူဦးရေ ၃၇၉ ဦးခန့်ရှိကာ ကျေးရွာနေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး သောက်သုံးရေအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တူးဖော်ဆောင်ရွက်ပေးသည့် စက်ရေတွင်းအား နှစ်စဉ် မှီခိုအားထားပြု၍ သောက်သုံးနေရ ကြောင်းနှင့် ယခုလက်ရှိတွင် အဆိုပါ စက်ရေတွင်းမှာ တစ်နာရီလျှင် ရေဂါလန် ၁၅၀၀ ထွက်ရှိ သဖြင့် ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲခွင့်ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)