မိုးနဲ မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဝိဇ္ဇရိယဘုန်းတော်ကြီးကျောင်းတိုက်၌ ယနေ့နံနက် ၈ နာရီအချိန်က ၂၀၂၃ ခုနှစ် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် သင်တန်းနည်းပြဆရာ ဦးကျော်စိုးမိုးစိန်မှ ဦးစီး၍ သင်ကြားပို့ချပေးလျက်ရှိရာ ၁၀ နှစ်အောက်ကလေးငယ်များကို အခြေခံဗုဒ္ဓဘာသာရပ်ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၁၀ နှစ်အထက် ကလေးငယ်များကို ဩကာသကန်တော့ချိုးနှင့်တကွ သီလခံယူဆောက်တည်ပုံ၊ ဗုဒ္ဓဘာသာ မြန်မာစာဘာသာနှင့် အဘိဓမ္မာဘာသာ အစရှိသည့် ဘာသာရပ် (၃) မျိုးကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခုစတင်သင်ကြားနေချိန်တွင် ၁၀ နှစ်အောက်ကလေးငယ် ၃၆ ဦး၊ ၁၀ နှစ်အထက် ကလေးငယ် ၂၆ ဦးရှိကြောင်း၊ ဆက်လက်၍ ယဉ်ကျေးမှုသင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းလျက်ရှိကြောင်းနှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို နံနက် ၈ နာရီမှ ၁၀ နာရီအချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)