ကျောက်ပန်းတောင်း မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နိုင်ရေးနှင့် ဆောက်လုပ်ပြီး စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေး ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို၊ ယနေ့ နံနက်(၁၀:၃၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာစာကြည့်တိုက်တစ်ခု ဖြစ်မြောက်အောင်ဆောက်လုပ်ရေးမှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အဆိုပါ စာကြည့်တိုက် ဆောက်လုပ်ရာတွင် ပုဂ္ဂလိကအလှူရှင်ဆောက်လုပ်မှုဖြစ်စေ၊ အများပြည်သူ အလှူငွေဖြင့်ဖြစ်စေ၊ နိုင်ငံပိုင်ငွေကြေးဖြင့်ဖြစ်စေဆောက်လုပ်ရန်အတွက် ပထမဦးစွာဆောင်ရွက်ရမည့် လုပ်ငန်းမှာ စာကြည့် တိုက်ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းခြင်း ဖြစ်ပါကြောင်း၊ ကော်မတီဖွဲ့စည်းပြီးပါက ထပ်မံဆောင်ရွက်ရမည်မှာ စာကြည့်တိုက်ပိုင် မြေနေရာရရှိရေးပင်ဖြစ်ပါကြောင်း၊ အဆိုပါ မြေနေရာရရှိရေး ဆောင်ရွက်ပြီး၍ စာကြည့်တိုက်ပိုင် မြေနေရာ တစ်သီးတစ်သန့် ရရှိပြီးမှသာ စာကြည့်တိုက်ဆောက်လုပ်ရေးကိစ္စ ဆက်လက်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး၊ စာကြည့်တိုက်ဆောက်လုပ်ရန်အတွက် သတ်မှတ်အကျယ်အဝန်းနှင့် အဆောက်အဦပုံစံများ၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် စာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာရေး ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ကျေးရွာတာဝန်ရှိသူများ ပြန်လည်မေးမြန်းဆွေးနွေးကြပြီး၊ မြို့နယ်ဦးစီးအရာရှိက မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရ သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ အဆိုပြုတင်ပြထားသည့် ကျေးရွာများဖြစ်သည့်၊ ဆယ့်နှစ်ရာသီပင်ကျေးရွာ၊ လင်းယောစမ်းကျေးရွာ၊ ရှားတောစုကျေးရွာ၊ မြင်သာတောင်ကျေးရွာ၊ ထနောင်းကျင်းကျေးရွာနှင့် တောဇာချောင်ကျေးရွာ၊ အစရှိသည့်ကျေးရွာ(၆)ရွာမှ ကျေးရွာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)