ဒေးဒရဲ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၀) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ဘောလုံးကွင်း ဟောင်းနေရာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မီးသတ်ဦးစီးမှူး ဦးတင်ဌေးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် အရေးပေါ် မီးလောင်မှုများ ဖြစ်ပေါ်လာပါက အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေး၊ မီးငြှိမ်းသတ်ကြသော မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်မှုမရှိစေရေးနှင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များနှင့် မိမိရပ်ရွာ ဒေသများတွင် ပြန်လည်အသုံးချနိုင်ရေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က သင်တန်းထူးချွန် ပထမဆုရ ဦးဝင်းဇော်ဦး၊ ဒုတိယဆုရ ဦးပြည့်စုံအောင်နှင့် တတိယဆုရ ဦးကျော်ဇင်ဦးတို့အား ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းအား ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ဒေးဒရဲမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၁၀၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)