သုံးခွ ဖေဖော်ဝါရီ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆေးဆိုင်များသို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က သွားရောက်၍ ဈေးကွက်အတွင်းရှိ ဘုတ်ဆုံမ၊ ဒေါ်ထွေး၊ အမှတ်တံဆိပ်ပါ ငရုပ်သီးအကျက်မှုန့်များ၊ စားသုံးဆီများနှင့် စံမညီ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးမှူး အဆင့်(၃) ဦးသက်ဦးမောင်၊ မြို့နယ်စည်ပင်သာယာရေး ရုံးဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)